MT News
Written by Pan Ei
မနေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ ဒွန်မောင်းလေဆိပ်မှာ ခရီးသွားအမျိုးသမီးတစ်ဦးက ရွေ့လျားနေတဲ့ လူသွားလမ်း စက်လှေကားတစ်ခုပေါ်မှာရှိနေချိန် ဘယ်ဘက်ခြေထောက် တစ်စိတ်တစ်ပိုင်းဆုံးရှုံးလိုက်ရတဲ့ မတော်တဆမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် အဲ့ဒီဖြစ်ရပ် မတိုင်ခင် ဘန်ကောက်လေဆိပ်မှာလည်း ကလေးငယ်တစ်ယောက် အဲဒီလိုဖြစ်စဉ်မျိုး ဖြစ်ခဲ့ရတယ်လို့ ကလေးငယ်ရဲ့မိခင်က ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါ သတင်းဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်က ဘန်ကောက်လေဆိပ်မှာ အဲ့ဒီကလေးငယ်လေးရဲ့ ညာဘက်ခြေထောက်ဟာ စက်လှေကားရဲ့ ညာဘက်ခြမ်းမှာ ညပ်သွားခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူရဲ့ ပြောကြားချက်အရ သားဖြစ်သူကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ခြေဖဝါးမှာတော့ ဒဏ်ရာဆိုးဆိုးရွားရွားရရှိခဲ့ကာ ၁၁ ချက်ချုပ်ခဲ့ရတယ်လို့ သိရပါတယ်။
Crocs ဖိနပ်အထူ ဝတ်ထားခဲ့တဲ့ အဲ့ဒီ ကလေးဟာ ဖိနပ်အထူကြောင့် ကောင်လေးကိုကာကွယ်နိုင်ခဲ့တယ်လို့ဆရာဝန်က ပြောကြားခဲ့ပြီး ဖိနပ်အပါးသာဝတ်ထားခဲ့ရင် သူ့ခြေချောင်းတွေ ကျိုးသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက အင်တာနက်အသုံးပြုသူအချိုကတော့ Crocs ဖိနပ်ကြောင့် မတော်တဆဖြစ်တာဖြစ်နိုင်တယ်လို့ထင်ကြေးပေးခဲ့ကြပြီး ဟောင်ကောင်နိုင်ငံက ရထားလိုင်းက ခုလိုမတော်တဆမှုမျိုးမဖြစ်အောင် အဲ့ဒီဖိနပ်အမျိုးအစားကို တားမြစ်ထားတယ်လို့ အင်တာနက်အသုံးပြုသူတစ်ဦးက ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် မနေ့က ဒွန်မောင်းလေဆိပ်ရဲ့ ရွေ့လျားနေတဲ့ လူသွားလမ်း စက်လှေကားတစ်ခုပေါ်မှာရှိနေစဉ် ဘယ်ဘက်ခြေထောက်တစ်စိတ်တစ်ပိုင်းဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီးရဲ့ခြေထောက်ကို ပြန်ဆက်ပေးနိုင်မယ်လို့ဆရာဝန်တွေက ပြောကြားခဲ့ပေမဲ့ ထိတ်လန့်နေရဆဲဖြစ်တယ်လို့ မတော်တဆဖြစ်ရတဲ့အမျိုးသမီးက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ သူမရဲ့သတင်းတွေကို မြင်တဲ့အခါမှာလည်း ငိုကြွေးခဲ့ရတယ်လို့ သူမက ထပ်မံပြောကြားခဲ့ပါသေးတယ်။