၁. ၇. ၂၀၂၃
Written by Pan Ei
ဘရာဇီးနိုင်ငံက အတိုဆုံးနားနဲ့ နွားအမျိုးအစားဖြစ်ပြီး အဖြူရောင်အသားအရောင်ရှိတဲ့ Nelore နွားအမျိုးအစား အသက် ၄ နှစ်ခွဲအရွယ် နွားတစ်ကောင်ကို မကြာသေးမီက အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်း (မြန်မာငွေနဲ့ဆို ကျပ် ၁၃ ဘီလျံ နီးပါး) နဲ့ လေလံတင်ရောင်းချခဲ့ပြီး ကမ္ဘာ့စျေးအကြီးဆုံး နွားတစ်ကောင်ဖြစ်လာခဲ့ပါတယ်။
ဘရာဇီးနိုင်ငံ၊ အာရန်ဒူမြို့မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေလံပွဲတစ်ခုမှာ Viatina-19 FIV Mara Imóveis လို့အမည်ရတဲ့ အဲ့ဒီနွားရဲ့ ပိုင်ဆိုင်ခွင့် သုံးပုံတစ်ပုံကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး စုစုပေါင်းအနေနဲ့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းနဲ့ စံချိန်တင်ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။
Viatina-19 FIV Mara Imóveis ဟာ သူ့ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို ဒေါ်လာ ရှစ်သိန်း ဝန်းကျင်နဲ့ မနှစ်ကလေလံတင်ရောင်းချခဲ့ရာမှာလည်း ကမ္ဘာ့စျေးအကြီးဆုံး နွားအဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်။
Viatina-19 FIV Mara Imóveis ရဲ့ စျေးနှုန်းဟာ သူတို့ရဲ့အရည်အသွေးတွေကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ တန်ဖိုးထားခံရတဲ့ နွားမျိုးစိတ် Nelore အတွက် မှတ်တိုင်အသစ်တစ်ခုလို့ ယူဆလို့ရပါတယ်။ သူတို့ရဲ့ တောက်ပဖြူဖွေးတဲ့ အမွေးတွေ၊ ဖျော့တော့တဲ့ အသားအရေနဲ့ သူတို့ရဲ့ ပခုံးအထက်မှာ ကြီးမားတဲ့ ဘို့တွေပါတာကြောင့် ထူးခြားချက်အနေနဲ့ ပူပြင်းတဲ့ရာသီဥတုဒဏ်ကို သဘာဝအတိုင်း ခံနိုင်ရည်မြင့်မားတာကြောင့်လည်း အဲ့ဒီနွားအမျိုးအစားဟာ လူသိများပါတယ်။
အိန္ဒိယကနေ ဘရာဇီးနိုင်ငံကို တင်သွင်းခဲ့ပြီး အိန္ဒိယနိုင်ငံ အင်ဒရာပရာဒက်ရှ်ပြည်နယ်က Nellore ခရိုင်ကို အစွဲပြုပြီး အမည်ပေးထားတဲ့ Nelore နွားတွေဟာ အလွန်ခံနိုင်ရည်ရှိပြီး ကပ်ပါးပိုးမွှားတွေကို တွန်းလှန်နိုင်ပါတယ်။ အဲ့ဒီအမျိုးအစား နွားမတွေဟာလည်း အခြားနွားမျိုးတွေထက် မွေးလမ်းကြောင်း ကျယ်တာကြောင့် မျိုးပွားဖို့ အလွန်လွယ်ကူပြီး နွားကလေးတွေမွေးဖို့ လူသားတွေဆီက အကူအညီရရှိဖို့ မလိုအပ်ပါဘူး။
ဂါးဒီးယန်းရဲ့ ၂၀၁၈ ခုနှစ်က အစီရင်ခံစာအရ အဖိုးတန်ဆုံး Nelore နွားထီးဆီက မျိုးပွားဖို့ သုတ်ပိုးပေါက်ဈေးဟာ သုည ဒသမ ၅၅ မီလီလီတာပမာဏကို ဒေါ်လာ ၅၀၀၀ အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ ဘရာဇီးနိုင်ငံမှာ Nelore နွားကောင်ရေ ၁၆၇,၀၀၀,၀၀၀ ခန့်ရှိပြီး နိုင်ငံရှိ နွားတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဖြစ်ပါတယ်။
Ref; Oddity Central