October 22, 2024

နှစ်လမ်းမောင်းအဖြစ်ပြောင်းလဲမည့် လမ်းများ၏ မြေပုံညွှန်း

MT News

Written by Naing Thuta

မန္တလေးမြို့တွင်းရှိ တစ်လမ်းမောင်းသည့် လမ်း ၄ လမ်းကို နှစ်လမ်းမောင်းအဖြစ် ပြောင်းလဲသတ်မှတ်မည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်းနှင့် လမ်း ၈၀ အကြားတွင်ရှိသော ၃၆ လမ်း၊ ၃၇ လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ တို့ကို တစ်လမ်းမောင်းအဖြစ်မှ နှစ်လမ်းမောင်းအဖြစ်သို့ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည်။

” ၃၈ လမ်းကို ၇၈ လမ်းကနေ ၇၃ လမ်းအတွင်း ဖောက်လုပ်ပြီးကတည်း ၃၆ လမ်းနဲ့ လမ်း ၄၀ အကြားမှာ ကားဆိုင်ကယ်တွေ အသွားအလာအရမ်းများလာတယ်။ တစ်လမ်းမောင်းလို့သာပြောတာပါ။ လူတွေက နှစ်လမ်းမောင်းသုံးနေကြတာ ကြာနေပြီ။ သက်ဆိုင်ရာက အဖမ်းအဆီးရှိမှသာ လူတွေက စည်းကမ်းလိုက်နာနေကြတာ။ အခုလိုသတ်မှတ်လိုက်တော့လည်း ကားအသွားအလာလည်းမကြပ်တော့ဘဲ ပိုကောင်းသွားတာပေါ့။ ကွေ့ဝိုက်ပြီးတော့လည်း သွားနေစရာမလိုတော့တဲ့အတွက် အများပြည်သူတွေ ပိုအဆင်ပြေသွားတာပေါ့” ဟု မြို့တွင်းအငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

နှစ်လမ်းမောင်းအဖြစ် ပြောင်းလဲသတ်မှတ်ပြီးသည့်နောက်တွင် ၎င်းလမ်းများပေါ် ယာဉ်များကန့်လန့်ရပ်ခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ ဆိုင်ခန်းများ ကျူးကျော်တည်ခင်းရောင်းခြင်းတို့ မပြုလုပ်ရန်လည်း ကြိုတင်အသိပေးကြေညာထားကြောင်းနှင့် အဆိုပါ လမ်းများကို လာမည့် အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစတင်၍ နှစ်လမ်း‌မောင်းအဖြစ် ပြောင်းလဲကျင့်သုံးသွားရမည်ဖြစ်ပြီး တောင်မြောက်လမ်းများအား အဓိကလမ်းများအဖြစ်သတ်မှတ်မည်ဖြစ်သောကြောင့် အရှေ့အနောက်သို့သွားလာသည့်ယာဉ်များက ဦးစားပေးမောင်းနှင်ကြရမည်ဖြစ်ကြောင်းကို မြို့တော်နေ ပြည်သူလူထုများသိစေရန်အသိပေးကြေညာသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

“မြို့တော်မှာနေထိုင်တဲ့ ပြည်သူလူထုအတွက် ပိုအဆင်ပြေမယ်လို့ ယူဆပြီး အခုလိုပြောင်းလဲသတ်မှတ်ရန် ကော်မတီက ဆုံးဖြတ်ခဲ့ရတာပါ။ ပြီးတော့ ကြေညာချက်မှာ ပါတဲ့အတိုင်း ယာဉ်နှစ်ထပ်ရပ်ကြတာ၊ ကန့်လန့်ရပ်တာ၊ စျေးသည်တွေ သတ်မှတ်ထားတဲ့နေရာထက် ကျူးကျော်ပြီး လမ်းပေါ်တက်ရောင်းကြတာတွေ ရှိလာခဲ့ရင်တော့ ထိရောက်စွာအရေးယူမှုများ ပြုလုပ်သွားမည်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *