October 22, 2024

MT News

Written by Thi Ha

၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ပုဂံမှ ဘုရား၊ ပုထိုး ၃၈၉ ဆူအနက် ၃၈၇ ဆူအား တရုတ်နိုင်ငံ၏ အကူအညီဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးနောက် သဗ္ဗညုဘုရားအား ဆယ်နှစ်အတွင်း ပြင်ဆင်ရန် ​ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာန၊ ပြုပြင်ထိန်းသိမ်းရေးဌာနစု၊ ပုဂံ ဌာနခွဲ တာဝန်ရှိသူထံမှ သိရသည်။

ပြုပြင်ရန်ကျန်ရှိသည့် ​စေတီများအနက် ပုဂံယဥ်ကျေးမှုဒေသအတွင်း ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် သဗ္ဗညုဘုရား၏ အဆောက်အဦ အပေါ်ပိုင်း ထိခိုက်၊ ပျက်စီး အက်ကွဲကြောင်းများကို ရေရှည်ကြံ့ခိုင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလကတည်းက ပြုပြင်ထိန်းသိမ်းရေးစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တရုတ်ပညာရှင်အဖွဲ့ အနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ထိန်းသိမ်းရေးလုပ်ငန်းများ လာရောက် ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားနေစဉ် ကာလအတွင်းဖြစ်၍ လာရောက်နိုင်ခဲ့ခြင်းမရှိဘဲ ယခုနှစ် ဇန်နဝါရီမှသာ သဗ္ဗညု ဘုရားပြုပြင်ထိန်းသိမ်းရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်နိုင်ခဲ့ကြောင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်ပညာရှင်အဖွဲ့သည် ဧပြီ ၁၂ ရက်တွင် ပုဂံဒေသသို့ ရောက်ရှိ၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်သည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ရေရှည်ထိန်းသိမ်း ပြုပြင်ရန်လိုအပ်သဖြင့် သဗ္ဗညုဘုရားပျက်စီးမှုများကို ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းကို တရုတ်အစိုးရ၏ ဘတ်ဂျက်ဖြင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရအဖွဲ့က ကမ်းလှမ်းခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ပြီးခဲ့သည့် စက်တင်ဘာလ ကတည်းက ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဥ်များ စတင်နေပြီဖြစ်ကာ ဘုရားကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် လျာထားချက်ကာလမှာ ၁၀ နှစ်ခန့်ဖြစ်ပြီး ပူးပေါင်းလုပ်ဆောင်မည့် တရုတ်နိုင်ငံမှ ပညာရှင်များအတွက် ဝန်ထမ်းအိမ်ရာ ယာယီရုံးနှင့် ယာယီပစ္စည်းသိုလှောင်ရုံတည်ဆောက်ရန်အတွက် ယဉ်ကျေးမှု အမွေအနှစ်များအပေါ် သက်ရောက်မှု အကဲဖြတ်လေ့လာဆန်းစစ်ချက် Heritage Impact Assessment (HIA) စစ်ဆေးပြီး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ စီမံကိန်းအတွက် တည်ဆောက်ရေးမြေနေရာထောက်ပံ့ပေးခြင်း၊ မြေပေါ်မြေအောက် အတားအဆီးများအား ဖယ်ရှားရှင်းလင်းခြင်း၊ စီမံကိန်းနေရာ Site အတွင်းတွင် အထောက်အကူပေးသည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ပစ္စည်းများ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လမ်းကြောင်းများ၊ ရေရရှိရေးနှင့် ရေနုတ်မြောင်းများ၊ နှစ်ဘက်အဖွဲ့ဝင်များမှ သတ်မှတ်အခြေချထားသော နေရာများသို့ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများဆောင်ရွက်ပေးခြင်း တို့ကိုလည်း ဦးစီးဌာနနှင့် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက စိစစ် ခွင့်ပြုပေးခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *