၂၈. ၆. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အလုပ်အကိုင်နှင့်ဝင်ငွေရရှိမှုများအပေါ် ကြီးမားသော သက်ရောက်မှုများရှိလာခဲ့ကြောင်း အလုပ်သမားဈေးကွက်တွင် အားနည်းချက်များ ဖြစ်ပေါ်နေခြင်းအပြင် အလုပ်လုပ်ရသော အချိန်နည်းပါးခြင်းများကြောင့် မိသားစုအများအပြားတွင် ဝင်ငွေရရှိမှုများ လျော့နည်းလာခဲ့ကြောင်း ကမ္ဘာဘဏ်က ပြောသည်။
မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းမြင့်တက်နေခြင်း၊ အလုပ်သမားဈေးကွက်အတွင်း အားနည်းချက်များ ဆက်လက်ဖြစ်ပေါ်နေခြင်းများကြောင့် အိမ်ထောင်စုများ၏ ဝင်ငွေရရှိမှုသည် ဖိအားများအောက် ရောက်ရှိလျက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။
မြန်မာနိုင်ငံရှိ အိမ်ထောင်စု မိသားစုအားလုံး၏ တစ်ဝက်နီးပါးသည် ၂၀၂၂ ခုနှစ်အတွင်း ဝင်ငွေလစာရရှိမှု လျော့နည်းခဲ့ကြောင်း၊ ဝင်ငွေရရှိမှု နည်းပါးခြင်းကြောင့် စားနပ်ရိက္ခာ လုံခြုံရေးနှင့် အာဟာရပြည့်ဝရေးသည် ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း ဆိုးရွားခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ်က ပြောသည်။
ကမ္ဘာ့ဘဏ်၏ လေ့လာမှုစစ်တမ်းများအရ ၂၀၂၃ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စုများအနက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သော အိမ်ထောင်စုများ၏ ၄၈ ရာခိုင်နှုန်းသည် အစားအစာ မလုံလောက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်နေကြောင်း၊ ထိုသို့သော အစားအစာမလုံလောက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်ခဲ့သော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သည့်အိမ်ထောင်စုက ပြီးခဲ့သော ၂၀၂၂ ခုနှစ် မေလတွင် ၂၆ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ် ဇွန်လတွင် ၄၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ဘက်က ဆိုသည်။
ထို့အတူ နို့၊ အသား၊ ငါးနှင့်ကြက်ဥ စသော အာဟာရပြည့်ဝစေသော အစားအစာများ စားသုံးသည့် ပမာဏလည်း ကျဆင်းခဲ့ကြောင်း ကမ္ဘာဘဏ်၏ စစ်တမ်းတွင်ဖော်ပြထားသည်။
ကမ္ဘာဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံဆိုင်ရာ ဒါရိုက်တာ မာရီယမ် ရှာမန်က “မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စီးပွားရေးပြန်ပြီး တိုးတက်မယ့်အခြေအနေမျိုးတွေ ရှိနေချိန်မှာ တိုးတက်မှုက မညီမျှဘဲဖြစ်နေတယ်။ ဆင်းရဲမှုဒဏ်ကိုအများဆုံးရင်ဆိုင်နေရသူတွေဟာ အံအားသင့်ဖွယ်ကောင်းတဲ့ တုန်လှုပ်မှုတွေကို ဆက်တိုက်ရင်ဆိုင်နေရတယ်။ အာဟာရချို့တဲ့မှုတွေကို တိုက်ဖျက်ရေး လုပ်ငန်းတွေရဲ့ တိုးတက်မှုတွေဟာ မျှော်လင့်သလောက်မကောင်းဘဲ ရပ်တန့်နေတာ ဒါမှမဟုတ် နောက်ကြောင်းပြန်လှည့်တာမျိုးတွေ ဖြစ်နေတယ်။ အိမ်ထောင်စုအားလုံးရဲ့ တစ်ဝက်နီးပါးခန့်က ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ရောင်းချတာ ပေါင်နှံချေးငှားတာတွေ လုပ်နေရတယ်။ ဒါမှမဟုတ် အဲဒီလိုမျိုးမလုပ်ဆောင်နိုင်ဘူးဆိုရင်လည်း အသုံးစရိတ်ကို ကန့်သတ်တာတွေလုပ်နေရတယ်။ အသုံးစရိတ်တွေကို ကန့်သတ်တဲ့ နေရာမှာ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍအသုံးစရိတ်တွေကို ကန့်သတ်လိုက်တာမျိုးဖြစ်တယ်။ အဲဒီလိုမျိုးဖြေရှင်းမှုတွေဟာ ရေတိုအတွင်း လူမှုဖူလုံရေးကို ပျက်စီးစေရုံသာမက ရေရှည်ဝင်ငွေစွမ်းရည်ကိုပါ ထိခိုက်စေတယ်”ဟုပြောသည်။
Ref——- World bank