မိဘနှစ်ပါး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုမှာ ကူညီခဲ့တယ်လို့ သံယရှိတာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်ပြဇာတ်မင်းသား Ichikawa Ennosuke
၂၇. ၆. ၂၀၂၃
Written by Pan Ei
နာမည်ကျော် ဂျပန်ရိုးရာပြဇာတ် (Kabuki) မင်းသား Ichikawa Ennosuke ဟာ ပြီးခဲ့တဲ့ မေလက မိခင်နဲ့ ဖခင်ရဲ့ သူတို့ကိုယ်သူတို့ အဆုံးစီရင်သတ်သေမှုမှာ ကူညီခဲ့တယ်လို့ သံသယရှိတာကြောင့် ဒီနေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။
အသက် ၄၇ နှစ်အရွယ် မင်းသား Ennosuke ရဲ့ မိဘနှစ်ပါးစလုံးဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်က တိုကျိုမြို့ရှိ နေအိမ်မှာ အိပ်ဆေးအလွန်အကျွံသောက်ကာ အဆုံးစီရင်ခဲ့တာဖြစ်ပြီး မိဘတွေကို သူတို့အိမ်ရဲ့ ဧည့်ခန်းထဲမှာ တွေ့ခဲ့ရသလို Ennosuke ကိုတော့ အောက်ထပ်က သူ့အခန်းထဲမှာ သတိလစ်နေတာကို သူ့ရဲ့ မန်နေဂျာ ဖြစ်သူက တွေ့ရှိခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ သူ့ရဲ့မိဘနှစ်ဦးစလုံး သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ကြေညာခဲ့ကြပြီး Ennosuke ကိုလည်း ဒီနေ့ မဖမ်းဆီးခင်အချိန်အထိ ဆေးရုံတင်ထားရတာဖြစ်ပါတယ်။
Ennosuke တို့ သုံးဦးဟာ အတူတကွ အဆုံးစီရင်ဖို့ သဘောတူခဲ့ကြကာ ” ပြန်လည်မွေးဖွားဖို့အတွက် သတ်သေကြဖို့ မနေ့က ကျွန်တော်တို့မိသားစု စကားပြောခဲ့ကြပြီး ကျွန်တော့်မိဘတွေက အိပ်ဆေးသောက်ခဲ့တာပါ” လို့ Ennosuke က ရဲကို ပြောကြားခဲ့ပါတယ်။
Ennosuke ဟာ မေ ၁၇ ရက် မွန်းလွဲပိုင်းနဲ့ နောက်တစ်နေ့နံနက်တို့မှာ အိပ်ဆေးတွေပေးတာ အပါအဝင် မိခင်ဖြစ်သူကို သတ်သေဖို့ ကူညီပေးခဲ့တယ်လို့ သံသယရှိကြောင်း သိရပြီး ရဲတပ်ဖွဲ့က ဖခင်ဖြစ်သူ သေဆုံးမှုမှာလည်း သူ့ရဲ့ သံသယဖြစ်ဖွယ် ပါဝင်ပတ်သက်မှုရှိ မရှိကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
Ennosuke ကို စစ်ဆေးရာမှာလည်း အိပ်ဆေးသောက်ထားတာကို တွေ့ရှိခဲ့ရပြီး ဆေးရုံကို ခေါ်သွားတဲ့အခါမှာ မူးယစ်ဆေးစွဲနေတယ်ဆိုတဲ့ သံသယ လက္ခဏာတွေကိုပါ တွေ့ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးရာမှာ မူးယစ်ဆေးဝါးရော ဆေးထည့်တဲ့ ဗူးတွေ၊ သေတ္တာတွေကိုတော့ မတွေ့ခဲ့ရဘဲ မင်းသားကတော့ သူ့မိဘတွေကို ပလပ်စတစ်အိတ်တွေနဲ့ ဖုံးခဲ့ပြီး ဆေးဗူးတွေကိုတော့ လွှင့်ပစ်ထားခဲ့တာပါလို့ ရဲတွေကို ပြောခဲ့ပါတယ်။
Ennosuke ရဲ့ ပြဇာတ်ရုံမှာ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေ အပါအဝင် လူတွေကို အနိုင်ကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအကြောင်း အစီရင်ခံစာတစ်စောင်ကို အပတ်စဉ် မဂ္ဂဇင်းက ထုတ်ဝေခဲ့တဲ့နေ့မှာပဲ အဆိုပါ အဆုံးစီရင်မှု ဖြစ်ရပ်တွေက ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
Ref; Nikkei Asia