၂၆. ၆. ၂၀၂၃
Written by Pan Ei
ဂျာမနီရဲ့ အရောင်းရဆုံးနဲ့ အကြီးဆုံးသတင်းစာဖြစ်တဲ့ Bild ဟာ ကုန်ကျစရိတ်လျှော့ချဖို့ ကြိုးပမ်းတဲ့အနေနဲ့ စုစုပေါင်းဝန်ထမ်းအင်အားရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ အလုပ်သမား၂၀၀ ခန့်ကို အလုပ်ထုတ်ခဲ့ပြီး တချို့သော မီဒီယာလုပ်ငန်းတွေအတွက် ဉာဏ်ရည်တု (AI) ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။
လျှော့ချခံရသူတွေထဲမှာ အယ်ဒီတာတွေ၊ စာမျက်နှာတည်းဖြတ်သူတွေ၊ စာလုံးပေါင်းစိစစ်သူတွေနဲ့ ပုံနှိပ်ထုတ်လုပ်ရေးမှာ ပါဝင်တဲ့ အခြားဝန်ထမ်းတွေပါရှိပြီး အဆိုလစ်လပ်သွားတဲ့ နေရာတွေထဲက တချို့ကို AI နဲ့ အစားထိုး လုပ်ဆောင်သွားစေမှာပါ။
ဒီလို လျှော့ချတာနဲ့ ပတ်သက်ပြီး Bild ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းစာတိုက်ရဲ့ဝန်ထမ်းတွေ ပြန်လည်ဖွဲ့စည်းဖို့ အလုပ်သမားဦးရေ လျှော့ချတာက AI ကို အသုံးပြုဖို့နဲ့ မသက်ဆိုင်ကြောင်းနဲ့ AI ကို သတင်းထောက်တွေရဲ့ အလုပ်မှာ ပံ့ပိုးကူညီဖို့သာ အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ တိုးတက်လာမှုတွေကြောင့် အယ်ဒီတာအလုပ်ကို AI နဲ့ အစားထိုးလုပ်ကိုင်စေမယ်ဆို အယ်ဒီတာရဲ့ အဓိကမဏ္ဍိုင်တွေဖြစ်တဲ့ အကဲဖြတ်မှု၊ တိကျမှန်ကန်မှု၊ တာဝန်ခံမှုနဲ့ မျှတမှုတွေအပေါ် စိုးရိမ်နေသူတွေလည်း ရှိနေပါတယ်။
ChatGPT လိုမျိုး AI တွေဟာ အသုံးပြုသူတွေတောင်းဆိုတဲ့ လွန်စွာဆန်းပြားတဲ့စာသားတွေကို ဖန်တီးနိုင်ပြီး အက်ဆေးတွေ၊ အလုပ်လျှောက်လွှာတွေ၊ ကဗျာတွေနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းအကြောင်းအရာတွေအထိပါ ဘယ်လိုအကြောင်းအရာမျိုးကိုမဆို ထုတ်လုပ်နိုင်ပေမဲ့ တစ်ခါတစ်ရံမှာလည်း မှားယွင်းမှုတွေများစွာ ရှိနေတတ်ပါတယ်။
Ref; CNN; The Conversation