October 30, 2024

နေပြည်တော် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံနေသော SAC ဥက္ကဋ္ဌအား တွေ့ရစဥ်

MT News

Written by Tha Doe

နေပြည်တော်အား ပညာရေးမြို့တော်ဖြစ်စေရေး ကြိုးစားပေးစေလိုကြောင်းနှင့် Naypyidaw State Academy ကို မကြာမီဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက အောက်တိုဘာ ၂၂ ရက်က နေပြည်တော်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ် ပြောကြားသည်။

လူသားအရင်းအမြစ် လိုအပ်ချက်နှင့်ပတ်သက်၍ အခြေခံလူသားအရင်းအမြစ်များ လိုအပ်သကဲ့သို့ နည်းပညာကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလည်း လိုအပ်နေပြီး မြန်မာနိုင်ငံတွင် ပညာရေးအားနည်းသည်ကို သန်းခေါင်စာရင်းများအရ သိရှိရသည်။ ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ ခရိုင်များအားလုံးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောသည်။

အလားတူ နေပြည်တော်တွင်လည်း Naypyitaw State Academy ကိုမကြာမီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်ရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ရန်ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခင်နှစ်က စာသင်ကျောင်းများကို ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းနည်းပါးခဲ့သဖြင့် ပညာသင်ကြားရေးနှင့်ပတ်သက်၍ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းရပ်များအလိုက် လုပ်ငန်းခွင်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးကြစေလိုကြောင်းနှင့် နေပြည်တော် နယ်မြေအတွင်း ပုဂ္ဂလိကပညာရေးကျောင်းများကိုလည်း ဖွင့်လှစ်ရန်အတွက် ခွင့်ပြု ပေးထားပြီး ပညာရေးမြို့တော်ဖြစ်စေရေး အားလုံးဝိုင်းဝန်းအားပေး ဆောင်ရွက်ကြရန်လိုကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *