MT News
Written by Thettant
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံ တို့၏ ပူးတွဲကြေညာချက်၌ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ဖော်ပြခဲ့မှုအပေါ် မည်သည့်အကြမ်းဖက်မှုမဆို ရှုတ်ချပေးရန်လိုသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယခု တောင်းဆိုလိုက်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာ (၃)ရပ်ကို တာဝန်ယူထားသည့် အစိုးရအနေဖြင့် တရားစီရင်ရေးအာဏာကို ဥပဒေနှင့်အညီ ကျင့်သုံး၍ အကြမ်းဖက်လုပ်ရပ်များနှင့် ရာဇဝတ်မှု ကျူးလွန်ထားသူများကိုသာ တည်ဆဲဥပဒေများနှင့် အညီ ပြစ်ဒဏ်ချမှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဥပဒေမဲ့ အရေးယူဆောင်ရွက်ထားခြင်းမရှိပါဟု တုန့်ပြန်သည်။
နစကသည် မြန်မာပြည်သူများ၏ဆန္ဒနှင့်အညီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ပါဝင်သော ဦးတည်ချက်တစ်ရပ်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အားလုံး ပါဝင်သော နိုင်ငံရေးလုပ်ငန်းစဉ် တစ်ရပ် ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
ထို့ပြင် အစိုးရသည် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း ၎င်းတို့၏ ပုံမှန်လူမှုဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် ဥပဒေဘောင်အတွင်း ဝင်ရောက်ကြရန် ဖိတ်ခေါ်ထားသည်။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှတစ်ဆင့် ငြိမ်းချမ်းစွာ ဥပဒေနှင့်အညီ နိုင်ငံရေးလုပ်ငန်းစဉ်တွင် မည်သူမဆိုပါဝင်နိုင်ရန် လမ်းဖွင့်ပေးထားပြီး ဖြစ်သည်။
ထို့ပြင် နစက သည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဟု အသိပေးထားပြီး ဖြစ်သည်။
အစိုးရသည် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်း (၁၀၆) ကြိမ် ပြုလုပ်ခဲ့သည့်အပြင် ပြစ်ဒဏ်ကျခံနေရသူ (၆၂၈၁၈) ကျော်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှ ယနေ့အထိ သေဒဏ်ကျခံနေရသည့် စုစုပေါင်း အကျဉ်းသား (၅၉) ဦးကိုလည်း တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျော့ပေါ့ပေးခဲ့သည်။
နစကအစိုးရ ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် နားလည်မှု၊ အားပေးမှုနှင့် အပြုသဘောပူးပေါင်း ဆောင်ရွက်မှုများ ပေးအပ်ရန်လိုပြီး နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ပြားစေသည့် မည်သည့်အကြမ်းဖက်မှု လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ရှုတ်ချသွားရန်လိုကြောင်း အမေရိကန်နှင့် အိန္ဒိယကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည် တောင်းဆိုလိုက်သည်ဟု သိရသည်။