
ကချင်ပြည်နယ်က မြေရှား သတ္တု တူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
၂၆. ၆. ၂၀၂၃
Written by Peya
KIA တပ်မဟာ ၇ ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ဖရဲရွာတွင် ဝ ကုမ္ပဏီက မြေရှားသတ္တု တူးဖော်ရန် စမ်းသပ်မှု လုပ်သည့်အတွက် ဒေသခံများက KIO ဗဟိုထံ စာအကြိမ်ကြိမ်ပို့ တောင်းဆိုနေသော်လည်း စီမံကိန်းကို ဆက်လုပ်နေကြောင်း မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု့ (ISP – Myanmar)က ဖော်ပြထားသည်။
ဖရဲရွာထဲတွင် ဝ ကုမ္ပဏီတစ်ခုက မေလမှ စတင်ကာ မြေရှား တူးဖော်ရန် စမ်းသပ်မှုများ လုပ်နေပြီး ဒေသခံများက ကန့်ကွက်ခြင်း၊ KIO အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်းတို့ ရှိခဲ့ရာ အဆိုပါစီမံကိန်းကို ကန့်ကွက်ပါက ဖမ်းဆီးထောင်ချမည်ဟု KIA က ဒေသခံများကို ခြိမ်းခြောက်ခဲ့ကြောင်း ဖော်ပြထားသည်။
ကန့်ကွက်သူများက KIO ကို စာအကြိမ်ကြိမ်ပို့ကာ တောင်းဆိုခဲ့သော်လည်း စီမံကိန်းကို ဆက်လုပ်နေဆဲဟု ဆိုပြီး အဖမ်းအဆီးများ ရှိသကဲ့သို့ ဒေသခံများနှင့် KIA လက်နက်အာဏာပိဒ်များအကြား တင်းမာမှုများလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် မတ်လအတွင်း မံစီမြို့နယ်အတွင်းရှိ ဒိန်ဆင်းပါ ဒေသတွင် မြေရှားတူးဖော်မှုနှင့် ပတ်သက်၍ ဒေသခံများနှင့် စီမံကိန်းလုပ်သည့် တရုတ်ကုမ္ပဏီ၊ ခွင့်ပြုထားသည့် KIO တို့အကြား ပဋိပက္ခ ဖြစ်ခဲ့သောကြောင့် မြေရှား စမ်းသပ်တူးဖော်မှုကို ရပ်တန့်ထားကာ အမှန်တကယ် ရပ်၊ မရပ်ကိုမူ အတည်မပြုနိုင်ကြောင်းလည်း ရေးသားထားသည်ကို တွေ့မြင်ရသည်။
မြန်မာ့နိုင်ငံရေး ဖြစ်စဥ်များကြောင့် ကချင်ပြည်နယ်မှ မြေရှားသတ္တု တရားမဝင် ထုတ်လုပ်တင်ပို့မှု မြင့်မားနေကာ သဘာဝပတ်ဝန်းကျင် ဆိုးဝါးစွာပျက်စီးမည့် ဘေး ရှိနေသည့်အတွက် တူးဖော်ခြင်းများ မလုပ်ရန် ကန့်ကွက်မှုများ ရှိနေသည့်ကြားက မရပ်ဘဲ တိုး၍ ထုတ်လာနေခြင်းဖြစ်ကာ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) အသွင်ပြောင်း ပြည်သူ့စစ်နှင့် နယ်ခြားစောင့် တပ်များ အများဆုံး လုပ်နေသည့် ချီဖွေမြို့နယ်တွင် KIA/KIO ကလည်း မြေရှားတူးဖော်မှုများ စလုပ်နေကြောင်း ဖော်ပြထားသည်။