ဝက်ဂ်နာ ကြေးစားအပျော်တန်းတပ်ဖွဲ့ မှ ပရီဂိုဇင်၏ ဇွန်လလယ်တွင် ပုန်ကန်မည့်အကြံကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့များက ကြိုတင် ထောက်လှမ်းသိရှိထားကြောင်း အမေရိကန်သတင်းဌာနများ ဖော်ပြ
၂၆. ၆. ၂၀၂၃
အမေရိကန်ထောက်လှမ်းရေးလုပ်ငန်းများက ဝက်ဂ်နာ ကြေးစားအပျော်တန်းတပ်ဖွဲ့တည်ထောင်သူ ပရီဂိုဇင်၏ ဇွန်လလယ်ခန့်တွင် ဖြစ်နိုင်ဖွယ်ရှိသော တပ်တွင်း ပုန်ကန်မှုပြုရန်အကြံကို ကြိုတင် ထောက်လှမ်းသိရှိကာ အိမ်ဖြူတော်နှင့်အခြားသော အမေရိကန်အစိုးရအေဂျင်စီများသို့ ချက်ချင်းပင် အကြောင်းကြားခဲ့သည်ဟု သိရှိရကြောင်း အမေရိကန်သတင်းစာဖြစ်သော Washington Post သတင်းစာက အမေရိကန်အစိုးရအရာရှိများ၏ ပြောကြားချက်များကို ကိုးကား၍ ဇွန်လ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။
၎င်းတို့၏ပြောကြားချက်များအရ ရုရှားနိုင်ငံတွင် တပ်တွင်းပုန်ကန်မှုဖြစ်လာနိုင်သော သတင်းကို အမေရိကန်ထောက်လှမ်းရေးလုပ်ငန်းများကရရှိပြီးနောက်တွင်အိမ်ဖြူတော်သာမက အမေရိကန်၏ပင်တဂွန် စစ်ဌာနချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကွန်ဂရက်တို့အပါအဝင် အမေရိကန်အစိုးရအဖွဲ့အစည်းများသို့လည်း ချက်ချင်းပင် အကြောင်းကြားခဲ့သည်ဟုဆိုသည်။
ထို့ကြောင့် ရုရှားနိုင်ငံတွင် တပ်တွင်းပုန်ကန်မှု အမှန်တကယ်ဖြစ်လာသောအခါ အမေရိကန်အာဏာပိုင်များက အံ့အားသင့်မှုမရှိကြတော့ကြောင်း Washington Post သတင်းစာ၏သတင်းက ဖော်ပြခဲ့သည်။
ထို့ပြင် ရုရှားနယ်စပ်အနီးတွင် ဝက်ဂ်နာတပ်ဖွဲ့များ စုရုံးနေခြင်းက ပရီဂိုဇင်အနေဖြင့် တစ်ချိန်ချိန်တွင် ရုရှားစစ်တပ်ကို စိန်ခေါ်ခြားနားနိုင်ရန် ကြိုတင်ပြင်ဆင်နေခြင်းဟု စွပ်စွဲရဖွယ်ရှိကြောင်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့များက လွှတ်တော်အမတ်များသို့ အကြောင်းကြားခဲ့ကြောင်းလည်း ထိုမတိုင်မီက CNN သတင်းဌာနတွင် ဖော်ပြခဲ့သေးသည်။
ဝက်ဂ်နာတပ်ဖွဲ့များ၏ ပုန်ကန်မှုပြုရန်ကြိုးစားမှု အဆုံးသတ်၍ ပရီဂိုဇင်လည်း ဘီလာရုစ်သို့ ရောက်ရှိ ခိုလှုံချိန်တွင် ထွက်ပေါ်လာသော အဆိုပါသတင်းများကြောင့် ပရီဂိုဇင်က အမေရိကန်ထောက်လှမ်းရေးများနှင့် အဆက်အသွယ်ရှိခဲ့သည်ဟု ယူဆဖွယ်ဖြစ်နေရကြောင်းသိရသည်။
Ref- Tass