၂၆. ၆. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားတွင် ပုန်ကန်မှုပြုအပြီး ဘီလာရုစ်နိုင်ငံတွင် ခိုလှုံခွင့်ရရှိထားသော ဝက်ဂ်နာ ကြေးစားအပျော်တန်းတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်က ယူကရိန်းမြို့တော် ကီးအက်ဗ်မြို့ကို ဘီလာရုစ်နိုင်ငံအတွင်းမှ ၎င်း၏တပ်ဖွဲ့များနှင့် တိုက်ခိုက်လာနိုင်၍ ယူကရိန်းအနေနှင့် ခံစစ်ကို ပြင်ဆင်ထားသင့်ကြောင်း ဗြိတိသျှကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ရစ်ချတ်ဒန်နတ်က ဇွန်လ ၂၅ ရက်တွင် ပြောခဲ့သည်။
ရစ်ချတ် ဒန်နတ်က ပရီဂိုဇင်အနေဖြင့် ဘီလာရုစ်နိုင်ငံအတွင်း သွားရောက်ခိုလှုံနေခြင်းက ယူကရိန်းအတွက် စိုးရိမ်ဖွယ်တစ်ရပ်ဟု ထင်မိကြောင်းလည်း ပြောခဲ့သည်။ ထို့ပြင် ၎င်းက အကယ်၍သာ ထိရောက် လုံလောက်သော တိုက်ခိုက်ရေးတပ်ဖွဲ့များက ပရီဂိုဇင် နှင့်အတူရှိနေပါက ပရီဂိုဇင်က ကီးအက်ဗ်မြို့နှင့် အနီးဆုံးအနေအထားမှ ခြိမ်းခြောက်မှုပြုလာနိုင်ကြောင်းလည်းပြောခဲ့သည်။
ဆက်လက်၍ ရစ်ချတ် ဒန်နတ်က “အဲဒီ ခန့်မှန်းချက်က အတော်လေးဖြစ်လာနိုင်စရာရှိနေတယ်။ ရုရှားအနေနဲ့ ယူကရိန်းမြို့တော်ကို ဝက်ဂ်နာတပ်ဖွဲ့တွေ အသုံးပြုပြီး ဘီလာရုစ်စစ်မျက်နှာကနေ ဝင်ရောက် တိုက်ခိုက်လာနိုင်တယ်” ဟု ပြောကြားသွားခဲ့သည်။ ယူကရိန်းမြိုတော် ကီးအက်ဗ်နှင့် ယူကရိန်း-ဘီလာရုစ် နှစ်နိုင်ငံ နယ်စပ်က ကီလိုမီတာ ၁၅၀(၉၃ မိုင်) ခန့်သာ ကွာဝေးကြောင်းသိရသည်။
ပရီဂိုဇင်၏ ဝက်ဂ်နာ ကြေးစားအပျော်တန်းတပ်ဖွဲ့များက ပုန်ကန်ခြားနားမှုအတွင်း ရုရှားနိုင်ငံတောင်ပိုင်း ရော့စတော့ဗ်-အွန်-ဒွန် မြို့ရှိ ရုရှားစစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသိမ်းကာ မော်စကိုမြို့သို့ ဆက်လက်ချီတက်ခဲ့ကြသည်။ ရုရှားစစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ယူကရိန်းနိုင်ငံသို့ စစ်ဆင်ရေးများကို ထိန်းချုပ်ရာနေရာလည်းဖြစ်သည်။ သို့သော် ဇွန်လ ၂၅ ရက်တွင်မူ ပရီဂိုဇင် က ဘီလာရုစ် သမ္မတ၏ ကြားဝင်စေ့စပ်မှုဖြင့် ရုရှားသမ္မတ ပူတင်နှင့်သဘောတူညီချက်ရကာ ၎င်း၏တပ်ဖွဲ့ များကို နောက်ပြန်လှည့်စေခဲ့သည်။
သို့သော် ဘီလာရုစ်တွင် ခိုလှုံမည်ဖြစ်သည့် ပရီဂိုဇင်နှင့်အတူ ၎င်း၏ဝက်ဂ်နာ တပ်ဖွဲ့ဝင်မည်မျှလိုက်ပါ သွားသည်ဆိုခြင်းကို သေချာစွာမသိရှိရကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ရစ်ချတ် ဒန်နတ်က ပြောကြားခဲ့သည်။
Ref—–Alarabiya News