၂၆. ၆. ၂၀၂၃
Written by Min Mahar
မူးယစ်သောက်စားထားသောလူငယ် ၄ ဦး လုံခြုံရေးရဲကင်းကို အော်ဟစ်ဆဲဆို၍ထွက်ပြေးရာ ရဲကင်းမှခြောက်လှန့်ပစ်ခတ်စဥ် လူငယ်တစ်ဦးကျည်ထိမှန်ကာဒဏ်ရာရရှိမှု မန္တလေးတွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၄ ရက် ည ၁၁ နာရီ ၄၀ ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန် တောင်ရပ်ကွက်၊ ၃၅ လမ်းနှင့် ၅၉ လမ်းထောင့်ရှိ ရဲမွန်တောင် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် တာဝန်ကျနေသောလုံခြုံရေးတပ်ဖွဲ့မှတပ်ဖွဲ့ဝင် ၂ဦး ကင်းတာဝန်ထမ်းဆောင်နေစဉ် ၃၅ လမ်းအတိုင်း အနောက်မှအရှေ့သို့ စီးနင်းလာသော အမည်မသိအမျိုးသားလူငယ် ၄ ဦးသည် ၎င်းတို့စီးနင်းလာသည့်ဆိုင်ကယ် ၂ စီးပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အော်ဟစ်ဆဲဆိုပြီး မောင်းနှင်ထွက်ပြေးသဖြင့် ကင်းတာဝန်ကျတပ်ဖွဲ့ဝင်တစ်ဦးကသေနတ်ဖြင့် ၂ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသော အမည်မသိလူငယ် ၄ ဦးအနက်တစ်ဦးမှာ ကျည်ထိမှန်သွားကြောင်း သိရသည်။
အဆိုပါကျည်ထိမှန်သွားသောသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းခဲ့ရာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သေနတ်ဒဏ်ရာဖြင့် လူတစ်ဦးရောက်ရှိလာကြောင်းသိရှိရ၍ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးမေးမြန်းရာ သေနတ်ဒဏ်ရာ ရရှိသူမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးဖြစ်ပြီး ၎င်းတွင် ယာဘက်လက်ဖျံရှပ်ထိဒဏ်ရာ ၁ ချက်၊ ယာဘက် ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ဒဏ်ရာ ရရှိထားပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ယင်းလူငယ်များသည် ချမ်းအေးသာစံမြို့နယ်၊ ၃၂လမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြားရှိ CHEER BEER ဆိုင်မှအရက်သေစာသောက်စားမူးယစ်ပြီး ပြန်လာခဲ့ကြခြင်းဖြစ်သည်။ ၎င်း ကျည်ထိမှန်သောလူငယ်သည် ချမ်းအေးသာစံမြို့နယ်၊ ၈၁ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားတွင်နေထိုင်သူတစ်ဦးလည်းဖြစ်သည်။ ဒဏ်ရာရရှိသူလူငယ်နှင့်အခြားသောလူငယ် ၂ ဦးတို့သည် ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်ကြပြီး ကျန်တစ်ဦးမှာမူ မဟာအောင်မြေမြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။