၂၅. ၆. ၂၀၂၃
Written by Tha Doe
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကမ္ဘာ့အမွေအနှစ် ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်းနှင့် အပြင်တို့တွင် မြေနိမ့်နေ၍ ရေဝပ်ခြင်း၊ ရေလျှံခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက် မြေတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ညောင်ဦးခရိုင်အတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ကြည်ရှုခဲ့သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ သုတေသနဌာနစုမှ သိရသည်။
မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ ၁၅ ဆူအတွင်း ရေဝပ်ခြင်း၊ ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ သုတေသနဌာနစုမှ ဦးဆောင်၍ မြေပြင်တိုင်းတာခြင်းလုပ်ငန်းများကို မေလ ၁၉ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြေပြင်တိုင်းတာရေးအဖွဲ့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ သုတေသနဌာနစုမှ
ဒုတိယညွှန်ကြားရေးမှူး(သုတေသန)မှ ဦးဆောင်၍ လက်ထောက် ညွှန်ကြားရေးမှူး နှစ်ဦးက အဖွဲ့ ၂ ဖွဲ့ခွဲကာ ဆောင်ရွက်လျက်ရှိသည်။ ထို့အတူရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ မြေပြင်တိုင်းတာရေးအဖွဲ့နှင့်အတူ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ခရိုင်လမ်းဦးစီး ဌာန၊ ခရိုင်သာသနာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ဇွန် ၂၂ ရက်နေ့တွင် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အာနန္ဒာဘုရားနှင့် ဓမ္မရံကြီးဘုရားတို့ကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
အာနန္ဒာဘုရားတွင် မြေပြင်တိုင်းတာမှုအရ ဘေးပတ်ဝန်းကျင်မှ ရေများဝင်ရောက်လာခြင်း မဟုတ်ဘဲ၊ ဘုရားပစ္စယံများတွင်ရှိသော ရေထုတ်ပြွန်များမှ ကျဆင်းသည့်ရေနှင့် မိုးရေများသာ ဖြစ်သည်။ အနောက်မြောက်ထောင့်တွင် ရေစုပ်ကန်များရှိသော်လည်း ယခုအခါ ကွန်ကရစ်ခင်းများကြောင့် ရေစုပ်နိုင်မှုမရှိခြင်း၊ မဟာရံတံတိုင်းများတွင် ရေထွက်ပေါက်များ မရှိခြင်း၊ အရှေ့ဘက် ပန်းခြံပြုလုပ်ထားသောနေရာရှိ မြေသားသည် ရင်ပြင်တော်၏ ကြမ်းခင်းထက် မြင့်တက်နေခြင်းတို့ကြောင့် ရေဝပ်ခြင်း၊ ရေလျှံခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်သည်။
ဓမ္မရံကြီးဘုရားတွင် မြေပြင်တိုင်းတာမှုအရ ရှေးယခင်မင်းများက မဟာရံတံတိုင်းအတွင်း ဘုရား၊ ကျောင်း၊ ကန် တို့ကို အတူယှဉ်တွဲတည်ဆောက်ခဲ့ကြသည်ကို ဓမ္မရံကြီးဘုရားတွင် တွေ့နိုင်မည်ဖြစ်သည်။ ဘုရားအနောက်တောင်ထောင့်မှ ရေများသည် အနောက်ဘက်ဝင်ပေါက်မှတစ်ဆင့် အပြင်သို့ စီးဆင်းခြင်း၊ အနောက်မြောက်ထောင့်တွင် အုတ်ကျောင်းတိုက်ရှိသည့်အတွက် မြေပြင် အနေအထားမှာ မြင့်မောက်နေခြင်း၊ ၎င်းမှ စီးဆင်းလာသောရေများသည်အရှေ့ မြောက်ထောင့်ရှိ မူလ ရေကန်အတွင်းသို့ စီးဝင်ခြင်း၊ အဆိုပါ မူလရေကန်မှ လျှံထွက်လာသော ရေများသည် အရှေ့တောင် ထောင့်တွင် စုပုံနေပြီး အရှေ့ဘက်နှင့် တောင်ဘက် မဟာရံတံတိုင်းအောက်ခြေမှတစ်ဆင့် အပြင်သို့ စိမ့်ထွက်နေခြင်း၊ ဘုရားအတွင်းတွင် မြေစာပုံများ ရှိနေခြင်း၊ မဟာရံတံတိုင်း မူလရေထွက်ပေါက် များ မရှိခြင်းတို့ကြောင့် ရေဝပ်ခြင်း၊ ရေလျှံခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်သည်။
ထို့ကြောင့် အာနန္ဒာဘုရားနှင့် ဓမ္မရံကြီးဘုရားတို့တွင် ရေဝပ်ခြင်း၊ ရေလျှံခြင်းများ ထပ်မံ မဖြစ်ပေါ် စေရေး ဆောင်ရွက်သင့်သည့် အစီအမံများ၊ မြေပြင်အခြေအနေအရ မြေနိမ့်နေမှုများကို ပြုပြင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းနေကြောင်း သိရသည်။
Photo- Bagan Arch