၂၅. ၆. ၂၀၂၃
Written by Hey Mar
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီရဲ့ Facebook Page ကို ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ ရုတ်တရက် အပိတ်ခံလိုက်ရပြီး လုံးဝ ရှာကြည့်လို့ မရတော့ကြောင်း သိရပါတယ်။
ပြည်သူ့ပါတီ Page နဲ့အတူ ဦးကိုကိုကြီးရဲ့ Facebook Account ပါ ပိတ်သိမ်းခံလိုက်ရတာလို့ သိရပါတယ်။ Facebook Team က Community Standards နဲ့ မညီလို့ ဆိုပြီး အကြောင်းပြချက်ပေးကာ ပိတ်ချခဲ့တာလို့ ပါတီတွင်းတာဝန်ရှိသူတွေဆီက စုံစမ်းသိရပါတယ်။
“ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မလိုလားသူတွေကြောင့်လည်း ဖြစ်နိုင်တယ်။ Page ရော Acc ရော နှစ်ခုစလုံး Blue Mark ရထားပြီးသား”လို့ ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အဲ့ဒီ Page ကို အဓိကကိုင်ထားတဲ့ Admin ထဲမှာ ဦးကိုကိုကြီးလည်းပါဝင်ပြီး ဦးကိုကိုကြီးကိုယ်တိုင်ရဲ့ Fb Account ကလည်း (Blue Mark) ရထားတယ်လို့သိရပါတယ်။ စထိတာက ဦးကိုကိုကြီးရဲ့ Fb Account ကဖြစ်ပြီး Acc ကြောင့် Page ပါထိတာဖြစ်နိုင်ကြောင်းလည်းသုံးသပ်နေကြပါတယ်။
ဦးကိုကိုကြီးရဲ့ Account မှာ နောက်ဆုံးတင်ခဲ့တဲ့ Post က ဦးကိုကိုကြီးကို CNI Media နဲ့ အင်တာဗျူးတာကို တင်ခဲ့တာလို့ သိရပါတယ်။ အဆိုပါအင်တာဗျူးကို မေလ ၃၁ ရက်နေ့က တင်ခဲ့တာဖြစ်ပြီး CNI က စစ်တပ်နဲ့အတူ ယှဥ်တွဲနေထိုင်နိုင်ရေး အခင်းအကျင်းသစ်ကို ရှာရမယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ထုတ်နုတ်တင်ပြခဲ့တာပါ။
ဦးကိုကိုကြီးက အဆိုပါအင်တာဗျူးမှာ “ကျောင်းမတက်နဲ့ ကျောင်းထွက်ဆိုတဲ့ ကိစ္စမှာ ဒီပညာရေး ဆုံးရှုံးမှုက ကလေးတစ်ယောက်ဟာ ကျောင်းနဲ့ တစ်နှစ်အဆက်ပြတ်သွားရင်ပဲ လေသွားရော။ ဒီကြားထဲမှာ ရာဇဝတ်မှုတွေက တောက်လျောက်များလာတယ်။ ဥပမာ မီးပြတ်တဲ့ ကိစ္စတွေ ဆိုလို့ရှိရင် တော်တော်ကို ခံစားရတယ်။ ကျန်းမာရေးအရရော။ ကုန်ထုတ်လုပ်မှုတွေ နေ့စဥ်စားဝတ်နေရေးကအစ ထိခိုက်တယ်။ တကယ့်ပဋိပက္ခကို ခံနေရတာက ပြည်သူတွေ။ သူတို့နဲ့ပတ်သတ်လို့ ကျွန်တော်တို့က ဘာတစ်ခုမှ အာရုံမစိုက်တော့ဘဲနဲ့ ဒီပြဿနာကြီးပြီးမှဆိုတော့ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့အရာတစ်ခုမှာ တကယ် နိုင်ငံ့အရေး ပြည်သူ့အရေး ဦးတည်နေတာဟုတ်ရဲ့လား”လို့ ပြောကြားသွားခဲ့တာတွေလည်း ရှိပါတယ် ။
မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေး အသိုင်းအဝိုင်းမှာတော့ အခုလို Facebook Page အပိတ်ခံရတယ်ဆိုတာနဲ့ပတ်သတ်လို့ နိုင်ငံရေးအရ ပါတီနဲ့ ပုဂ္ဂိုလ်အပေါ် ပြုလုပ်တဲ့ လုပ်ရပ်လို့ ပြောကြသလို နည်းပညာအသိုင်းအဝိုင်းကလည်း သည့်နောက်ပိုင်းမှာ Facebook က သူ့ရဲ့Community Standards ကို Artifical Intelligence(AI)နည်းပညာနဲ့ ထည့်သွင်းအသုံးပြုနေတာကြောင့် AI မှာပါတဲ့ အချက် ငြိတာနဲ့ အလွယ်တကူ ဖျက်သိမ်းခံရတဲ့ အခြေအနေမျိုးလည်း ကြုံနေရတာပါလို့ ထောက်ပြကြပါတယ်။
ဒါပေမဲ့ NUG ကို ထောက်ခံပြီး လူထုကို သတ်ဖြတ်ဖို့ ဆဲဆိုလှုံ့ဆော်နေတဲ့ Page တွေ အကောင့်တွေ ဗုဒ္ဓဘာသာကို စော်ကားတိုက်ခိုက်နေတဲ့ Page တွေ အကောင့်တွေကိုတော့ Facebook ဟန်ပြလောက်ပဲ ပိတ်ပြတာ တွေ့ရပါတယ်။