MT News
Written by Naing Thuta
ယမန်နေ့က ချမ်းမြသာစည်မြို့နယ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးအဖွဲ့မှ လမ်းဘေးများ၌ နေထိုင်ကြသည့် ကျူးကျော်နေအိမ်(ယာယီတဲအိမ်) ၂၀၀ နီးပါးခန့် ဖယ်ရှားရှင်းလင်းခဲ့သည့်အတွက် လူဦးရေ ၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
“မနေ့က ချမ်းမြသာစည်မြို့နယ်ထဲမှာရှိတဲ့ အုံးအင်းကွင်းနေရာနဲ့ ကန်တော်ကြီးပတ်လမ်းက တာရိုးအခြေတွေမှာ ကျူးကျော်နေထိုင်ကြတဲ့ ယာယီတဲအိမ် ၁၉၄ လုံး၊ လူဦးရေ ၇၄၅ ဦးလောက် ဖယ်ရှားရှင်းလင်းခဲ့တယ်”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅) ရပ်ကွက်၊ ၁၁၁ လမ်းနင့် မေမြို့သံလမ်းကြားရှိ အုံးအင်းကွင်းနေရာတွင်ကျူးကျော်နေထိုင်ကြသည့် ယာယီတဲအိမ် ၃၇ လုံးခန့်အား မန္တလေးမြို့တော်စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လ ၂၂ရက် (ယမန်နေ့)နေ့နံနက် ၈ နာရီခွဲမှစတင်ကာ ဖယ်ရှားရှင်းခဲ့သဖြင့် လူဦးရေ ၁၁၇ ဦးခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
ဆက်လက်၍ကျူးရှင်းလင်းရေးအဖွဲ့များသည် မနက် ၁၀ နာရီခွဲမှ ညနေ ၃ နာရီခွဲလောက်ထိ သံလျှက်မော်တောင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ကန်တော်ကြီးပတ်လမ်းမှ ဧရာထွန်းတိုက်တန်းလမ်းအထိ(တာရိုးအခြေရှိ) လမ်းကျူးကျော်နေအိမ်(ယာယီတဲအိမ်) ၁၅၇ လုံးခန့်အားဖယ်ရှားရှင်းလင်းခဲ့သည့်အတွက် လူဦးရေ ၆၂၈ ဦးခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု သိရသည်။