
၂၄. ၆. ၂၀၂၃
Written by Ye Kyaw
ဗဟိုဘဏ်နှင့် ဘဏ်များမှတစ်ဆင့် တစ်ဒေါ်လာ ၂,၉၂၂ ကျပ်ဖြင့် ဒေါ်လာငါးသန်းကျော် ထပ်မံထုတ်ရောင်းပေးခဲ့ပြီး နှစ်ရက်အတွင်း ဗဟိုဘဏ်နှင့် ဘဏ်များမှတစ်ဆင့် ဒေါ်လာ ၁၃ သန်းကျော် ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်မှ ဇွန်လ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။
ဇွန်လ ၂၂ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးဆောင်ပြီး AD လိုင်စင်ရ ဘဏ်များနှင့် Customer များအကြားနှင့် Customer အချင်းချင်းအကြား ရောင်းဝယ်ခြင်းကို Online Trading အစီအစဉ်ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဇွန်လ ၂၂ ရက်တွင် ကနဦးအနေဖြင့် AD လိုင်စင်ရဘဏ် ခြောက်ဘဏ်မှ ပါဝင်ဆောင်ရွက်ခဲ့ပြီး ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂၉၂၀/၂၉၂၂ ဖြင့် ဒေါ်လာ ၆ ဒသမ ၈၉ သန်းနှင့် ဗဟိုဘဏ်အနေဖြင့်လည်း USD SWAP Financing နှင့်ရောင်းချမှု ဒေါ်လာ ၁ ဒသမ ၂ သန်း စုစုပေါင်းပမာဏ ဒေါ်လာ ၈ ဒသမ ၀၉ သန်း ထုတ်ရောင်းပေးခဲ့သည်။
ဇွန်လ ၂၃ ရက်တွင်လည်း တစ်ဒေါ်လာ ကျပ် ၂၉၂၀/၂၉၂၂ ဖြင့် ဘဏ်များမှတစ်ဆင့် ဒေါ်လာ ၄ ဒသမ ၈၁ သန်းနှင့် ဗဟိုဘဏ်အနေဖြင့်လည်း USD SWAP Financing နှင့်ရောင်းချမှု ဒေါ်လာ သုည ဒသမ ၄၅ သန်း စုစုပေါင်းပမာဏ ဒေါ်လာ ၅ ဒသမ ၂၆ သန်း ထုတ်ရောင်းပေးခဲ့သည်။
ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက် နှစ်ရက်အတွင်း ဗဟိုဘဏ်နှင့် ဘဏ်များမှတစ်ဆင့် ဒေါ်လာထုတ်ရောင်းပေးမှု စုစုပေါင်းပမာဏ ဒေါ်လာ ၁၃ ဒသမ ၃၄ သန်းအထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် Online Trading အစီအစဉ်တွင် ရောင်းဝယ်ခဲ့သော ငွေလဲလှယ်နှုန်းသည် ဈေးကွက်ပေါက်ဈေးဖြစ်သဖြင့် အခြားနေရာများ (social media အပါအဝင်) တွင် ဖော်ပြနေသည့် ငွေလဲလှယ်နှုန်းများသည် တရားမဝင်ကြောင်း အသိပေးကြေညာထားသည်။
ယခုဇွန်လအတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးမှုများအရ ရန်ကုန်နှင့် မန္တလေးမြို့များအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားသူများနှင့် တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းနှင့် လွှဲပြောင်းသူ လူပုဂ္ဂိုလ် ၅၁ ဦးနှင့် ကုမ္ပဏီသုံးခုတို့အား သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ဇွန်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။