၂၄. ၆. ၂၀၂၃
Written by Pan Ei
အရင်က ဂင်းနစ်စံချိန်ပေါင်းများစွာ တင်ခဲ့ဖူးတဲ့ စပိန်အမျိုးသားတစ်ဦးဟာ အခုအခါမှာလည်း အကွာအဝေး မီတာ ၁၀၀ ကို ဒေါက်မြင့်ဖိနပ်စီးကာ အမြန်ဆုံးပြေးနိုင်ခဲ့ပြီး လက်ရှိစံချိန်ကို ချိုးနိုင်ခဲ့တာကြောင့် ဒေါက်မြင့်ဖိနပ်စီးထားစဉ် မီတာ ၁၀၀ အပြေးအမြန်ဆုံးစံချိန်ကို ထပ်မံပိုင်ဆိုင်ခဲ့ပြန်ပါတယ်။
အသက် ၃၄ နှစ်အရွယ် Christian Roberto López Rodríguez လို့ အမည်ရတဲ့ စပိန်အမျိုးသားဟာ ၂ ဒသမ ၇၆ လက်မအမြင့်ရှိတဲ့ Stiletto ဒေါက်ဖိနပ်ဝတ်ဆင်ကာ မီတာ ၁၀၀ ကို ပြေးခဲ့ရာမှာတော့ ၁၂ ဒသမ ၈၂ စက္ကန့်သာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။
ဒီစံချိန်ကို ကြိုးပမ်းဖို့အတွက် နောက်ဒေါက်အချွန်ပါတဲ့ Stiletto ဒေါက်မြင့်ဖိနပ်ကိုသာ ဝတ်ဆင်ရမှာဖြစ်ပြီး ဒေါက်ဖိနပ်တွေဟာ အနည်းဆုံး ၇ စင်တီမီတာ (၂ ဒသမ ၇၆ လက်မ) မြင့်ကာ ဒေါက်ရဲ့အဆုံးထိပ်ဖျားမှာ ၁ ဒသမ ၅ စင်တီမီတာသာ အကျယ်ရှိရမှာကြောင့် တစ်ပြေးညီဒေါက်အမြင့်နဲ့ ဖိနပ်တွေကိုတော့ စီးပြီးပြိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။
“ဒေါက်မြင့်ဖိနပ်တွေနဲ့ အရှိန်ပြင်းပြင်း ပြေးရတာ အရမ်းခက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ စပိန်မှာ ဒီလိုမျိုး ပြိုင်ပွဲတွေအများကြီးရှိပြီး သူတို့က ငါ့အတွက်တော့ လွယ်ကူပါတယ်။” လို့ Rodríguez က ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ကို ပြောကြားခဲ့ပါတယ်။
Rodríguez ချိုးဖျက်ခဲ့တဲ့ အရင်စံချိန်ဟောင်းကတော့ ၂၀၁၉ ခုနှစ်မှာ ဂျာမနီနိုင်ငံက André Ortolf ဆိုသူ တင်ထားခဲ့တာဖြစ်ပြီး သူဟာ မီတာ ၁၀၀ ကို ၁၄ ဒသမ ၀၂ စက္ကန့်အတွင်း ဒေါက်မြင့်ဖိနပ်နဲ့ ပြေးခဲ့တာဖြစ်ပါတယ်။
Ref; UPI News