
MT News
Written by Tha Doe
လိင်ဆက်ဆံသည့်အရုပ် (Sex Doll) နှစ်ရုပ်အား မယ်တော်ကြီးဟု အမည်တပ်ကာ ရွှေတိဂုံစေတီပရဝုဏ်သို့ ရင်ငွေ့လှုံသူအား သာသနာညှိုးနွမ်းစေမှုဖြင့် ဂေါပက အဖွဲ့က အမှုဖွင့်ခဲ့သည်ဟု ကနဦး သတင်းများအရ သိရသည်။
လူမှုကွန်ရက်တွင် ‘လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ကြီး’ အမည်ဖြင့် Facebook Page မှ Sex Doll နှစ်ရုပ်အား ဒေါ်လာ ၄၈၀၀ ဖြင့် ဝယ်ယူကာ မယ်တော်များဝတ်ဆင်လေ့ရှိသည့် ဝတ်စုံများဆင်ယင်ပြီး ‘အရိယာသောတာပန် သူရဿတီမယ်တော်ကြီး’ နှင့် ‘သီရိဒေဝီမယ်တော်ကြီး’ ဟု အမည်တပ်ကာ အောက်တိုဘာလ ၂၂ရက် နံနက်တွင် သိင်္ဂုတ္တရကုန်းတော်ပေါ်တင်ကာ ရင်ငွေ့လှုံ အသက်သွင်းသည်ဟုဆိုကာ မသိနားမလည်သူများအား ကန်တော့စေသည့်လုပ်ရပ်မှာ သင့်တော်မှုမရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါ ဖြစ်ရပ်အပေါ် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
” အရေးမယူဘဲ မနေပါဘူး။ တစ်ချက်လောက်တော့အချိန်စောင့်ကြည့်ပေးပါ” ဟု ရွှေတိဂုံစေတီတော်တာဝန်ရှိသူတစ်ဦးက MT News ၏ မေးမြန်းမှုကို အောက်တိုဘာလ ၂၂ရက် မွန်းလွဲပိုင်းက ဖြေကြားသည်။
ထို့နောက် ယနေ့ ည ၈ နာရီကျော်တွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က Shwedagon Pagoda Page တွင် ”၂၂-၁၀-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် သူရဿတီမယ်တော်နှင့် သီရိဒေဝီမယ်တော် အမည်ရှိ ရုပ်တု(၂)ခုအားရွှေတိဂုံစေတီတော် တောင်ဘက်ကားကွင်း ကျောက်စာတိုင်အနီးတွင်ရင်ငွေ့လှုံခြင်း လာရောက်ဆောင်ရွက်ခဲ့သည့် သက်ဆိုင်သူပုဂ္ဂိုလ်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သာသနာတော်ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးတင်ပြအပ်ပါသည်” ဟု ပို့စ်တင်ခဲ့သော်လည်း ချက်ခြင်းဖျက်ခဲ့သည်။
အဆိုပါဖြစ်စဥ်အပေါ် တပ်မတော်ပိုင်မီဒီယာဟုဝေဖန်ခံနေရသည့် News of Myanmar ကလည်း “ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၄) လမ်း၊ အမှတ် (၂၁) နေ ဦးကြည်ဇင်က သူရဿတီမယ်တော်နှင့် သီရိဒေဝီမယ်တော်ရုပ်နှစ်ရုပ်အား ရွှေတိဂုံစေတီတော်ရင်ပြင်တွင် လှည့်လည်ပြီးစနေထောင့်ရှိ သူရဿတီမယ်တော်ရုပ်ရှေ့တွင် ရင်ငွေ့ခိုလှုံခွင့်ပြုရန် ရွှေတိဂုံဂေါပကအဖွဲ့သို့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် လျှောက်ထားခဲ့ကြောင်းသိရသည်။ အဆိုပါစာကို ဂေါပကရုံးအဖွဲ့မှူး ကထေရဝါဒနှင့် ဆန့်ကျင်သော်လည်း အများပြည်သူ ကိုးကွယ်ယုံကြည်မှုကို ထောက်ရှု၍ ရင်ငွေ့ခိုလှုံခြင်း၊ စည်းကမ်းများကို လိုက်နာရန်၊ ဘုရားဖူးပြည်သူများကို အနှောက်အယှက်မဖြစ်ရန်၊ အလှူခံခြင်းမပြုရန်၊ ကိုဗစ်စည်းကမ်းများလိုက်နာရန် စည်းကမ်းများဖြင့် တောင်ဘက်မုခ်ကျောက်စာတိုင်အနီးတွင်သာ ခွင့်ပြုခဲ့သည်။
အောက်တိုဘာလ ၂၂ ရက်နံနက်တွင် ရွှေတိဂုံဘုရားသို့ဘသယ်ဆောင်လာသည့်အရုပ်များသည် ဆိုရှယ်မီဒီယာတွင် အငြင်းပွားနေသော ဆီလီကွန်ရုပ်များဖြစ်ခြင်း၊ လောကဝိဇ္ဇာမိုရ်မိန်းမလှဒေဝီလူမှုကွန်ယက်မှ တိုက်ရိုက်ထုတ်လွှင့်နေပြီးအများပြည်သူကြား ဝေဖန်မှုများမြင့်တက်နေခြင်းတို့ကြောင့် အဆိုပါအရုပ်နှစ်ရုပ်ကို ဒဂုံရဲစခန်းသို့သယ်ဆောင်ပြီးကမကထပြုသူ ဦးကြည်ဇင်ကို ရဲစခန်းသို့ခေါ်ယူစစ်ဆေးနေကြောင်းသတင်းရရှိသည်” ဟု ဖော်ပြခဲ့သည်။



