ရာသီဥတုဖောက်ပြန်လို့ ငါးတွေသေဆုံးရဖွယ်ရှိဟုကျွမ်းကျင်သူ ပြော
MT News
ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖွန်ပြည်နယ်ရှိ သောင်ဝွာလန်ကမ်းခြေတစ်ခုရဲ့ ၃ ကီလိုမီတာကနေ ၄ ကီလိုမီတာ အကွာအဝေးအတွင်း ကြာသပတေးနေ့က သန်းနဲ့ချီတဲ့ ငါးတွေ သေဆုံးမျောပါကာ သောင်တင်နေခဲ့ပါတယ်။
ဒီဖြစ်စဉ်အပေါ် Kasetsart တက္ကသိုလ်၊ ငါးလုပ်ငန်းဌာန လက်ထောက်ဌာနမှူး Thon Thamrongnawasawat က “ရေထဲမှာ အောက်ဆီဂျင်ပါဝင်မှုလျော့နည်းပြီး ငါးတွေကိုအသက်ရှုကြပ်စေတဲ့ သဘာဝဖြစ်စဉ် “Plankton bloom” ကြောင့် ငါးတွေသေဆုံးရတာပါ”လို့ ပြောကြားခဲ့ပါတယ်။
“ရာသီဥတု ဖောက်ပြန်မှုဟာ အခုဖြစ်စဉ်ကို လှုံ့ဆော်ပေးတာဖြစ်နိုင်ပါတယ်။ သန္တာကျောက်အရောင်ဖျော့ခြင်း ဒါမှမဟုတ် ပင်လယ်ထဲမှာ ရေမျောတွေများစွာရှိနေတဲ့ “Plankton bloom” ဖြစ်စဉ်လိုမျိုး သဘာဝဖြစ်စဉ်အမျိုးမျိုးဟာ နှစ်ပေါင်းထောင်၊ သောင်းနဲ့ချီပြီး သဘာဝအတိုင်းဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ လက်ရှိဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေရဲ့ အကြိမ်ရေဟာ ပိုမိုပြင်းထန်လာပြီး ပိုမိုများပြားလာတာပါ” လို့ သူက ပြောပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့အဆိုအရ “Plankton bloom” ဖြစ်စဉ်ဟာ တစ်နှစ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ဖြစ်ပွားတတ်ပြီး ပုံမှန်အားဖြင့် နှစ်ရက်ကနေ သုံးရက်အထိ ကြာတတ်တယ်လို့သိရကာ တာဝန်ရှိသူတွေက ဆက်လက်အကဲဖြတ်ဖို့နဲ့ ခွဲခြမ်းစိပ်ဖြာဖို့အတွက် ပင်လယ်ရေတွေကို စုဆောင်းခဲ့တယ်လို့လည်း သိရပါတယ်။
ဒီလိုမျိုး ငါးအများအပြားသေဆုံးရတဲ့အကြောင်းကို ဒေသခံတစ်ဦးက မနေ့က အင်တာနက်ပေါ်မှာ စတင်ဖော်ပြခဲ့ပြီး ပျံ့နှံ့လာချိန်မှာ ဓာတုပစ္စည်းတွေကြောင့် အဆိပ်သင့်သေဆုံးတာမျိုးဖြစ်နိုင်တယ်လို့လည်း တချို့က ယူဆကာ မှတ်ချက်ပေးခဲ့ကြပါသေးတယ်။
ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ အခုနှစ် ဧပြီလနဲ့ မေလအတွင်းမှာ စံချိန်တင် အမြင့်ဆုံးဖြစ်တယ်လို့ ဗြိတိန် မိုးလေဝသရုံးက ထုတ်ပြန်ခဲ့ပါတယ်။
Ref; Reuters, Roya News