၂၄. ၆. ၂၀၂၃
Written by Ye Kyaw
မြန်မာအက်ဂရိုအိတ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)က ဇူလိုင်လ ၃ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ စာရင်းဝင်ကုမ္ပဏီအဖြစ် အစုရှယ်ယာများ စတင်ထုတ်ရောင်းမည်ဖြစ်သည်။
MAEX ၏ စာရင်းဝင်နေ့ရက်မှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်(တနင်္လာနေ့)ဖြစ်ပြီး ယင်းနေ့တွင် ကုမ္ပဏီ၏အစုရှယ်ယာ အရောင်းအဝယ်များ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဇွန်လ ၂၁ ရက်တွင် အသိပေးထားသည်။
MAEX ကုမ္ပဏီ၏ အခြေခံစျေးနှုန်း (Base Price) အား စာရင်းဝင်သည့်နေ့ရက် (Listing Date) မတိုင်မီ ရုံးဖွင့်ရက်တစ်ရက်အလိုတွင် YSX ၏ Website ၌ ထုတ်ပြန်ပေးမည်ဟု ကြေညာထားသည်။
YSX ၌ ရှစ်ခုမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့သည့် MAEX အနေဖြင့် ရှယ်ယာတစ်စုကို ၁,၅၀၀ ကျပ် သတ်မှတ်ထားကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ တွင် YSX ၌ စာရင်းဝင်အဖြစ် လျှောက်ထားခဲ့စဥ်က ထုတ်ပြန်ထားသည်။
MAEX အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းဆောင်ရွက်ရန် မြေနေရာအသုံးပြုခွင့်ပေးပြီး၊ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership, PPP) အစီအစဥ်အရ ဆောင်ရွက်မည့် တညင်းကုန်း အဆင့်မြှင့်လက်ကားဈေး တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းစီမံကိန်းအား ဒဂုန်အင်တာနေရှင်နယ်လီမိတက်မှ တင်ဒါအောင်မြင်ပြီးနောက် တင်ဒါပါ စည်းကမ်းချက်တွင် ပါဝင်သော အများပိုင်ကုမ္ပဏီ တည်ထောင်ရန်လိုအပ်ချက်အရ ဒဂုန်အင်တာနေရှင်နယ်လီမိတက်သည် မူလကမကထပြု တည်ထောင်သူအဖြစ် ၄၅ ရာခိုင်နှုန်း ထည့်ဝင်လျက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် အများပိုင်ကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။