MT News
Written by Min Mahar
နေအိမ်ခြံဝန်းအတွင်းရှိ ဒါန်းပေါ်၌ထိုင်နေသော SH သတင်းဌာန (အထူးဟစ်တိုင်သတင်းအေဂျင်စီ)၏ သတင်းထောက်တစ်ဦးအား PDF အဖွဲ့ဝင် ၂ ဦးကသေနတ်ဖြင့် ၉ ချက် ပစ်ခတ်သတ်ဖြတ်သွားမှု ဇွန်လ ၂၁ ရက် ညဦးပိုင်းက မင်းဘူးမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက် ည ၇ နာရီခွဲခန့်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာ အုပ်စု၊ တပင်ကျေးရွာ၊ မင်းဘူး-မကွေးကားလမ်းဘေးတွင်နေထိုင်သည့် အသက် ၄၁ နှစ်အရွယ်ခန့်ရှိ SH သတင်းဌာန(အထူးဟစ်တိုင်သတင်းအေဂျင်စီ)၊ ရှုထောင့်သတင်းစုံဂျာနယ်နှင့် အမှန်တရားသတင်းစုံဂျာနယ်၏ ဗဟိုသတင်းထောက်ချုပ်၊ တိုင်း/ခရိုင်အုပ်ချုပ်မှုတာဝန်ခံဖြစ်သူသည် နေအိမ်ခြံဝန်းအတွင်းရှိဒါန်းပေါ် ထိုင်နေစဉ် ဆိုင်ကယ် ၁ စီးဖြင့် PDF အဖွဲ့ဝင် ၂ ဦးရောက်လာပြီး သေနတ်ဖြင့် ၉ ချက်ခန့်ပစ်ခတ်ကာ မင်းဘူး-မကွေး-မင်းလှကားလမ်းအတိုင်း ထောက်ရှာပင်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဥ်တွင် ပစ်ခတ်ခံရသူမှာ ရင်ဘတ်တွင် ၅ ချက်၊ ဝဲပေါင်တွင် ၃ ချက်၊ ဝဲလည်ပင်း ၁ ချက်၊ စုစုပေါင်းသေနတ်ဒဏ်ရာ ၉ ချက်တို့ဖြင့် နေရာတွင် သေဆုံးခဲ့ပြီး သေဆုံးသူ၏ရုပ်အလောင်းအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။