MT News
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေး ကျဆင်းနေသော်လည်း နိုင်ငံပိုင်ဘဏ်နှစ်ဘဏ်အား အမေရိကန်က ပိတ်ဆို့သည်ဆိုသော သတင်းကြောင့် ပြည်တွင်း၌ ရွှေနှင့်ဒေါ်လာဈေးများ မြင့်တက်ခဲ့ပြီး ဇွန်လ ၂၃ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၂ သိန်းနီးပါးရှိလာပြီး ဒေါ်လာဈေး ကျပ် ၃,၀၀၀ ကျော်သို့ ဆက်လက်မြင့်တက်နေခဲ့သည်။
ဇွန်လ ၂၃ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁,၉၁၈ ဒေါ်လာသာရှိပြီး ယခုတစ်ပတ် ဈေးနှုန်းစဖွင့်ခဲ့မှုသည် ဇွန်လ ၁၉ ရက်နှင့် နှိုင်းယှဥ်ပါက ဒေါ်လာ ၄၀ ခန့်ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၁၉၀,၀၀၀ အထိမြင့်တက်ခဲ့ခြင်းဖြစ်သည်။ ထို့အတွက် ယမန်နေ့ကစ၍ အချို့သော ရွှေဆိုင်များတွင် ရွှေဈေးနှုန်းဖွင့်လှစ်ထားခြင်းမရှိကြောင်းလည်း သိရသည်။
အလားတူ ပြင်ပဈေးကွက်၌ ဒေါ်လာဝယ်ယူရာတွင် ခက်ခဲလာပြီး ဇွန်လ ၂၀ ရက်က တစ်ဒေါ်လာ ၂,၉၆၅ ကျပ်သာရှိခဲ့ရာမှ ဇွန်လ ၂၁ ရက်မှစတင်၍ တစ်ဒေါ်လာ ကျပ် ၃,၀၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၀၅၀ ဖြစ်ပေါ်ခဲ့ကာ ရောင်းဝယ်မှုပုံစံအပေါ်မူတည်၍ ကျပ် ၃,၀၅၀ ကျော်ဖြင့်လည်း အရောင်းအဝယ်ဖြစ်မှုများရှိကြောင်း ဒေါ်လာရောင်းဝယ်သူများထံမှ သိရသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ တစ်ဖက်သက်စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်ချမှတ် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တို့အား စီးပွားရေးပိတ်ဆိုကန့်သတ်မှုစာရင်းတွင် ထည့်သွင်းသတ်မှတ်ကြောင်း ဇွန်လ ၂၁ ရက်တွင် တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇွန်လ ၁၆ ရက်တွင် ရွှေဈေးနှုန်း ၃,၁၃၂,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၇၀ ကျပ်၊ ဇွန်လ ၁၇ ရက်တွင် ရွှေဈေးနှုန်း ၃,၁၃၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၇၀ ကျပ်၊ ဇွန်လ ၁၉ ရက်တွင် ရွှေဈေးနှုန်း ၃,၁၁၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၇၀ ကျပ်၊ ဇွန်လ ၂၀ ရက်တွင် ရွှေဈေးနှုန်း ၃,၁၃၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၀၀ ကျပ်၊ ဇွန်လ ၂၁ ရက်တွင် ရွှေဈေးနှုန်း ၃,၁၈၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၀၁၀ ကျပ်အထက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။