၂၄. ၆. ၂၀၂၃
Written by Min Mahar
မန္တလေး-လားရှိုးကားလမ်းပေါ်ရှိ အသောကစက်သုံးဆီဆိုင်ကို PDF အဖွဲ့မှ အမျိုးသား ၂ ဦးက လက်ပစ်ဗုံးနှစ်လုံးဖြင့်ပစ်ခတ်သွားမှု ယမန်နေ့ညပိုင်းက လားရှိုးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ ၂၃ ရက် ည ၈ နာရီခွဲကျော်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ (၉)၊ လားရှိုး – မန္တလေးကားလမ်းပေါ်ရှိ အသောကစက်သုံးဆီဆိုင်အား PDF အဖွဲ့မှ အမျိုးသားနှစ်ဦးက မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီးလက်ပစ်ဗုံး ၂ လုံးဖြင့် ဆိုင်အတွင်းသို့ ပစ်ပေါက်၍ ပေါက်ကွဲမှုဖြစ်ပွားကာ ထိုပေါက်ကွဲမှုကြောင့် ဆီပန့် ၊ ဆီအရောင်းကောင်းတာနှင့် Mini Mart ဆိုင်ရှိ မှန်များကို မိုင်းစများထိမှန်ခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
“ဗုံးနဲ့ပစ်ပေါက်ခံရတဲ့ အဲ့ဒီဆိုင်က ညနေ ၅ နာရီဆို ပိတ်သွားပြီ။ ညစောင့်ဆိုင်လုံခြုံရေးကလွဲလို့ ဘယ်သူမှမရှိတော့ဘူး။ ဆိုင်က အရောင်းကောင်တာ၊ ဆီပန့်နဲ့ Mini Mart ဆိုင်ကမှန်တွေတော့ မိုင်းစထိမှန်ပြီး ပျက်စီးကုန်တယ်။ အဲ့ဒီဆိုင်ကို မနှစ်က နှစ်ကုန်ပိုင်းလောက်ကလည်း PDF တွေ အနုကြမ်းဝင်စီးပြီးတော့ ငွေတွေယူသွားသေးတယ်” ဟု ပေါက်ကွဲမှုဖြစ်ပွားသည့် ဆိုင်အနီးတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာကာ ပိတ်ဆို့စစ်ဆေးပြီး အနီးဝန်းကျင်များကိုပါ လိုက်လံစုံစမ်းစစ်ဆေးသွားကြောင်းလည်း သိရသည်။