၂၃. ၆. ၂၀၂၃
Written by Ye Kyaw
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကို လာမည့် ဩဂုတ်လ ၁ ရက်မှစတင်၍ ဘဏ်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဘဏ်ငွေစာရင်း လက်ကျန်ပမာဏထက် မကျော်လွန်သော သွင်းကုန်ပမာဏကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၀/၂၀၂၃)ဖြင့် စီးပွားရေးနှင့် ကူးသန်းရောငန်းဝယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ကြေညာထားသည်။
နယ်စပ်ကုန်သွယ်မှုကိစ္စရပ်များအား ဘဏ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ကနဦးအဆင့်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်က စတင်ကျင့်သုံးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ဘဏ်စနစ်ဖြင့် ဆောင်ရွက်ရာတွင် သွင်းကုန်ပစ္စည်းများ တင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ၊ အခြားဝင်ငွေများနှင့် ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူရရှိထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ)ကို အသုံးပြု တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သွင်းကုန်တင်သွင်းသူများအနေဖြင့် အဆိုပါရငွေများကို အသုံးပြုကာ သက်ဆိုင်ရာဘဏ်များမှတစ်ဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကို ဆောင်ရွက်ရမည်ဖြစ်သည်။
သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကုမ္ပဏီများအနေဖြင့် မိမိ၏ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်ကြောင်း (သို့မဟုတ်) ပြည်တွင်းဘဏ်မှ ဝယ်ယူထားကြောင်း သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးသည့် အထောက်အထား (Credit Advice)နှင့် ဘဏ်ငွေစာရင်းရှင်းတမ်း (Bank Statement) မူရင်းတို့ကို ပူးတွဲကာ ကုန်သွယ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်သည်။
ကုန်သွယ်ရေးဦးစီးဌာနသည် သွင်းကုန်တင်သွင်းလိုသည့် ကုမ္ပဏီကတင်ပြလာသော ပို့ကုန်မှရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှု (သို့မဟုတ်) ပြည်တွင်းဘဏ်မှ ဝယ်ယူထားမှုပမာဏကို စိစစ်၍ ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက် မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်သည်။
အထက်ပါအတိုင်း ဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၀ ရက်အထိ ကာလအတွင်း လျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်လျှောက်ထားမှုများ အကျုံးဝင်ခြင်းမရှိကြောင်း၊ အဆိုပါနေ့ရက်မတိုင်မီ ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များဖြင့် ကုန်ပစ္စည်းတင်သွင်းမှုကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၁ ရက်မတိုင်မီ ပြီးပြတ်အောင်တင်သွင်းကြရန်နှင့် ယင်းကာလအတွင်း တင်သွင်းနိုင်ခြင်း မရှိပါက သွင်းကုန်လိုင်စင် ပျက်ပြယ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ထိုသို့ တင်သွင်းခွင့်ပြုရာတွင် ပို့ကုန်မှရရှိသည့်ဝင်ငွေနှင့် အခြားငွေ ဝင်ရောက်မှုများနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက်ပိုင်း ဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်သည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့သည့် ကုမ္ပဏီသည် ရရှိသည့်ပို့ကုန်ဝင်ငွေကို မိမိကိုယ်တိုင် သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ၊ အခြားကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေး၍ သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ ဆောင်ရွက်နိုင်သည်။ အဆိုပါပို့ကုန်မှ ရရှိသည့်ဝင်ငွေကို အသုံးပြု၍ သွင်းကုန်ပစ္စည်းတင်သွင်းရာတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုခုမှ အခြားတစ်ခုခုသို့ လွှဲပြောင်းသုံးစွဲနိုင်ကြောင်း ကြေညာထားသည်။