October 22, 2024

MT News

Written by Nay Moe

အမျိုးသားများ အသုံးပြုသည့် လိင်ဆက်ဆံဖျော်ဖြေသည့် အရုပ်မနှစ်ခု (Sex Doll)အား မယ်တော်ကြီးဟုဆိုကာ ရင်ငွေ့လှုံသည်အမည်တပ်၍ ရွှေတိဂုံစေတီပရဝုဏ်အထိ တင်လာမှုအပေါ်  အများပြည်သူကန့်ကွက်နေပြီး သာသနာရေးဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်မှု ရှိ မရှိအပေါ် မေးခွန်းထုတ်နေကြောင်း သိရသည်။

“လူတွေက နတ်တွေ မယ်တော်တွေကြတော့ ယုံကြကြောက်ကြတာကို အခွင့်ကောင်းယူပြီးတော့ လက်ရာမြောက်တဲ့အရုပ်ကို မယ်တော်ကြီးအမည်တပ်ပြီး ကိုးကွယ်တာ။ သူ့ဘာသာကိုးကွယ်တာလည်း ဘာမှမဖြစ်ဘူး။ မယ်တော်အမည်တပ်တာကလည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ Sex Doll ဖြစ်နေတာနဲ့ တခြားသူတွေက လိင်ဆက်ဆံဖို့သုံးတဲ့အရုပ်ကို မယ်တော်ဝတ်စုံဝတ်ပြီး ကန်တော့ခိုင်းတာကြတော့ ပြောစရာဖြစ်လာတာပေါ့။ အဲဒီကနေ ဘုရားရင်ငွေလှုံတယ်ဆိုပြီး သိင်္ဂုတ္တကုန်း​တော်ပေါ်အထိ တင်လာတာကြတော့ အများသူငှာ အမြင်မသင့်တာတွေဖြစ်လာတယ်။ ဗုဒ္ဓဘာသာကို လှောင်ပြောင်စရာအဖြစ် စော်ကားစရာအဖြစ် တိုက်ခိုက်နေတဲ့အချိန်မှာ ဒါမျိုးလုပ်တာက ဘာသာ၊ သာသနာကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တဲ့ပုံစံဖြစ်လာတယ်။ တာဝန်ရှိသူတွေအနေနဲ့ အရေးယူမှုပြုသင့်တယ်လို့မြင်ပါတယ်” ဟု ဆရာတော်တစ်ပါးက မိန့်ကြားသည်။

လူမှုကွန်ရက်တွင် ‘လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ကြီး’ အမည်ဖြင့် Facebook Page မှ ရင်သားကြီးသောအရုပ်မနှင့် ပုံမှန်ရင်သားအရုပ်မ Sex Doll နှစ်ရုပ်အား ဒေါ်လာ ၄၈၀၀ ဖြင့် ဝယ်ယူကာ မယ်တော်များဝတ်ဆင်လေ့ရှိသည့် ဝတ်စုံများဆင်ယင်ပြီး ‘အရိယာသောတာပန် သူရဿတီမယ်တော်ကြီး’ နှင့် ‘သီရိဒေဝီမယ်တော်ကြီး’ ဟု အမည်တပ်ကာ သိင်္ဂုတ္တရကုန်းတော်ပေါ်တင်ကာ ရင်ငွေ့လှုံ အသက်သွင်းသည်ဟုဆိုကာ မသိနားမလည်သူများအား ကန်​တော့စေသည့်လုပ်ရပ်မှာ သင့်တော်မှုမရှိကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။

“လိင်ဖျော်ဖြေရာမှာ အသုံးပြုလေ့ရှိတဲ့ အရုပ်မနှစ်ရုပ်ကို မယ်တော်ကြီးနှစ်ပါးလို့ ပြင်ဆင်ပြီး ရွှေတိဂုံစေတီတော် ပရဝုဏ်ကို ယူဆောင်လာပြီး ဘုရားရင်ငွေ့တော်လှုံပါတယ်လို့ ဝိဇ္ဇာဓိုရ် ဆိုသူ ပုဂ္ဂိုလ်တစ်ဦးက ဆောင်ရွက်နေပါတယ်။ သင့်လျော်သည် မသင့်လျော်သည်ကို သာသနာရေးမှတာဝန်ရှိသူများ အမြန်ဆုံးတုံ့ပြန်စေလိုပါတယ်။ သူ့ရဲ့အိမ်မှာ မယ်တော်ကြီးလို့ ပြင်ဆင်ပြီး ကိုးကွယ်တာကို မပြောလိုပေမဲ့လည်း ရွှေတိဂုံဘုရား ပရဝုဏ်အထိရောက်လာတာကို လက်မခံနိုင်ပါဘူး” ဟု ပရဟိတအဖွဲ့တစ်ခုမှဦးဆောင်သူ ကိုသက်မွန်က ပြောသည်။

ထို့ပြင် သိင်္ဂုတ္တရကုန်းတော်၏ ကားပါကင်အထိ Sex Doll များတင်လာကာ ရွှေတိဂုံစေတီတော်၏ ရင်ငွေလှုံမှုအား တားမြစ်မှုမရှိသည့် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ကိုလည်း ဝေဖန်မှုများ ရှိနေသည်။

”Sex Doll တွေ တင်လာပြီး ရွှေတိဂုံစေတီတော်ကို ရင်ငွေ့လှုံတဲ့အချိန်မှာ စေတီတော်လုံခြုံရေးတွေ ရပ်ကြည့်နေတာကို Live မှာ တွေ့ရတယ်။ စျေးသည်တွေကို ဖိနပ်အိတ်ပေးတဲ့ကလေးတွေကို အော်ဟစ်မောင်းထုတ်နေတဲ့ လုံခြုံရေးတွေက ဒီကိစ္စကိုကျတော့ ရပ်ကြည့်နေတယ်။ တကယ်ဆို သူတို့မဆုံးဖြတ်နိုင်ရင် ဂေါပကအဖွဲ့တာဝန်ရှိသူတွေ အကြောင်းကြားရမယ်။ ဘုရားဂေါပကအဖွဲ့က တားမြစ်တာမျိုး လုပ်သင့်တယ်။ အခုကျတော့ အဲဒီလိုတားမြစ်တာမျိုး မမြင်ရဘူးဆိုတော့ မသင့်လျော်တဲ့ မြင်ကွင်းတစ်ခုက အများသူငါမြင်ပြီးတော့ စိတ်မသက်မသာဖြစ်ကုန်တာပေါ့။ ဘုရားဂေါပကအဖွဲ့အနေနဲ့ တစ်ခုခုဆောင်ရွက်သင့်တယ်လို့  မြင်ပါတယ်”ဟု အဆိုပါ Live ကို ကြည့်ရှုခဲ့သူ ကိုသက်ပိုင်က MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *