၂၃. ၆. ၂၀၂၃
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ ဒါဗာအို အိုရီယန်တယ်ပြည်နယ်အတွင်း ဘာဂန်ဂါမြို့မှ ရေမိုင် ၁၈၂ မိုင်ကွာဝေးသော ပင်လယ်ရေပြင်၌ ပင်လယ်ပြင်အတွင်း ရုတ်တရက်ရာသီဥတုပြောင်းလဲလာမှုကို ဇွန်လ ၂၂ ရက် ည ၁၂ နာရီခန့်တွင် Genesis 2 ငါးဖမ်းရေယာဉ်က တွေ့ကြုံခဲ့ရပြီးနောက် နောက်တစ်နာရီအကြာတွင် နစ်မြုပ်သွားခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ဇွန်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါငါးဖမ်းရေယာဉ်၏ရေယာဉ်မှူးမှာ အာလန်ဒိုနေရီ ဖြစ်ပြီး ဖိလစ်ပိုင်လူမျိုး ငါးဖမ်းလုပ်သား သင်္ဘောသား ၂၃ ဦးလိုက်ပါလာကာ ရုတ်တရက်ရာသီဥတုပြောင်းလဲမှုကြောင့် ကြီးမားသောရေလှိုင်းများ ရိုက်ခတ်မှုနှင့် ရေယာဉ်ကကြုံတွေ့ခဲ့ရခြင်းဟု သိရသည်။
ထိုအခြေအနေဆိုးကြောင့် သင်္ဘောသားနှစ်ဦးမှာ သေဆုံးခဲ့ရပြီး အကြွင်းအကျန်ရုပ်အလောင်းများကို ပြန်လည်ရရှိခဲ့သည်။ သင်္ဘောသား ၁၄ ဦးကိုမူ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ခုနှစ်ဦးမှာ ပျောက်ဆုံးနေသဖြင့် ရှာဖွေဆဲဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ဇွန်လ ၂၃ ရက်တွင် ပြောခဲ့သည်။
Genesis 2 ငါးဖမ်းရေယာဉ်ကို General Santos မြို့အခြေစိုက် OGDI ငါးဖမ်းကုမ္ပဏီကပိုင်ဆိုင်ကာ ကုမ္ပဏီကလည်း ၎င်း၏ရေယာဉ်များဖြင့် ပျောက်ဆုံးသင်္ဘောသားများကို ရှာဖွေနေကြောင်း သိရသည်။
Ref——-Manila Bulletin