၂၃. ၆. ၂၀၂၃
Translated by Htwe Ko Tun
ယူကရိန်းတပ်ဖွဲ့များ၏ ရုရှားနိုင်ငံကို တန်ပြန်ထိုးစစ်ဆင်မှုများက အနောက်အုပ်စုနိုင်ငံများ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ကြောင်း အနောက်အုပ်စုတာဝန်ရှိသူနှစ်ဦးနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရုံးချုပ်ဖြစ်သော ပင်တဂွန်မှ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးတို့၏ ပြောကြားချက်များကို ကိုးကား၍ စီအန်အန် သတင်းဌာနက ဇွန်လ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
သတင်းတွင် အနောက်အုပ်စု တာဝန်ရှိသူတစ်ဦးက “ယူကရိန်းတို့ရဲ့ထိုးစစ်က ရှေ့တန်းဘယ်နေရာမှာမဆို မျှော်မှန်းထားသလိုမဖြစ်ခဲ့ဘူး” ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ရုရှားတို့၏ ခံစစ်နေရာယူမှုများ အားကောင်းမှုနှင့် ဒုံးကျည်ပစ်ခတ်မှုများဖြင့် ယူကရိန်းထိုးစစ်ကို ထိရောက်သောတွန်းလှန်မှုများကိုလည်း ထောက်ပြသွားခဲ့သည်ဟု သတင်းက ဆိုသည်။။ တစ်ချိန်တည်းတွင် ယူကရိန်းတပ်ဖွဲ့များ အနေဖြင့် မိုင်းကွင်းများကို ဖြတ်ကျော်နိုင်ရန် အားနည်းချက်ရှိကြောင်းလည်း သိရသည်။
ယူကရိန်းဒုတိယကာကွယ်ရေးဝန်ကြီး အန်နာ မာလျာကလည်း ယူကရိန်းတပ်ဖွဲ့များမှာ တန်ပြန်ထိုးစစ်များအတွင်း အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း ဇွန်လ ၂၀ ရက်တွင် ပြောခဲ့သည်။ အစောပိုင်းတွင်လည်း ယူကရိန်းသမ္မတ ဗလာဒီမာဇဲလန်စကီးက ထိုးစစ်မှာ ဖြစ်စေချင်သည်ထက် နှေးကွေးနေကြောင်း ဝန်ခံခဲ့သေးသည်။ ထို့ပြင် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်းစ် စတိုးလ်တန်ဘာ့ဂ် က ယူကရိန်း တပ်ဖွဲ့များမှာ ကောင်းစွာပြင်ဆင်ထားသော ရုရှားခံစစ်ကြောင်းများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဇွန်လ ၂၀ က ပြောခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ယူကရိန်းတပ်ဖွဲ့များက ဇွန်လ ၄ ရက်မှစ၍ အချည်းနှီး အကျိုးမဲ့ဖြစ်ခဲ့သော ထိုးစစ်များကို စတင်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလေ ပါထရူရှက်ဗ်က တန်ပြန်ထိုးစစ် စတင်သည်မှစ၍ ယူကရိန်းတို့ဘက်မှ ၁၃၀၀၀ ကျော် ကျဆုံးခဲ့ကြောင်း ပြောခဲ့သည်။ ရုရှားသမ္မတ ပူတင်ကလည်း ယူကရိန်းတပ်ဖွဲ့များမှာ ဘက်ပေါင်းစုံတွင်ပင် အောင်မြင်မှုမရခဲ့ကြောင်း ပြောခဲ့သေးသည်။
Ref——-CNN, Tass