
၂၃. ၆. ၂၀၂၃
Written By Thandar
“မျက်ဝန်းစကား” ၊ “စတော်ဘယ်ရီချစ်သည်းရှင်” တေးသီချင်းနဲ့ တစ်ခေတ်တစ်ခါက ပရိသတ်ကို ဖမ်းစားခဲ့တဲ့ ဂန္တဝင်အဆိုတော် စိမ်းမို့မို့ဟာ ကင်ဆာရောဂါနဲ့ ရန်ကုန်မြို့ရှိ Green Cross ဆေးရုံမှာ ဒီနေ့ ကွယ်လွန်ခဲ့ပါတယ်။
“ချစ်ခင်လေးစားရပါသော အန်တီမို (စိမ်းမို့မို့) ဆုံးပါးသွားတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ သီချင်းတွေအတူဆိုခဲ့ကြဖူးတယ်။ ဆုံးမစကားတွေလည်းနားထောင်ခဲ့ဖူးတယ်။ အန်တီမို့ သီချင်းဆိုလိုက်တိုင်း အသံအားကောင်းကောင်းနဲ့ နားထောင်ကောင်းလွန်းလို့ အားကျခဲ့ရပါတယ်။ အမြဲအပြုံးချိုချိုလေးနဲ့ စိတ်သဘောလှတဲ့အန်တီမို့ အေးချမ်းတဲ့ဘုံဘဝသို့ရောက်ရှိပါစေ”လို့ အဆိုတော် ယုဇနက ပရိသတ်သိအောင် ပြောလာပါတယ်။

သူမဟာ ကင်ဆာဝေဒနာခံစားနေရတာကြာပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ အလှကမ္ဘာမြေဝယ် ၊ အပြုံးကိုအပြီးငှားခဲ့ ၊ ကြာကြာကြာစတဲ့ တေးသီချင်းတွေကလည်း အောင်မြင်ခဲ့ပါတယ်။
“ချစ်ခင်လေးစား ကြိုက်နှစ်သက်ခဲ့ရသော မမို့ (စိမ်းမို့မို့) ဘဝတစ်ပါးပြောင်းရွှေ့သွားသောကြောင့် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ သေခြင်းတရားကိုဘယ်သူမှ မလွန်ဆန်နိုင်ကြတော့ အမြဲပြုံးနေတတ်တဲ့မမို့ ကောင်းမွန်သောဘုံဘဝကိုရောက်ရှိပါစေ…”လို့လည်း အဆိုတော်ချောစုခင်က ဆုမွန်ကောင်း တောင်းပေးထားပါတယ်။
