၂၃. ၆. ၂၀၂၃
Written by Nyein Kyaw
ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့များသို့ သတ်မှတ်ချိန်ထက်စော၍ ယနေ့တွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ပြီဖြစ်ပြီး ကျန်ရှိနေသာ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်းတောမြို့များသို့လည်း သတ်မှတ်ချိန်ထက်စော၍ လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့များသို့ ယခုဇွန်လအကုန်မှသာ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်မည်ဖြစ်သော်လည်း သတ်မှတ်ချိန်ထက်စော၍ ဇွန်လ ၂၃ ရက် (ယနေ့)တွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန (DPTSC)က အသိပေးကြေညာထားသည်။
“မြောက်ဦးက ဒီနေ့ရပါတယ်။ ကျောက်တော်ကတော့ ဇွန် ၁၉ ရက်ကတည်းကရတယ်။ သတ်မှတ်ချိန်ထက် အများကြီးစောပြီးတော့ တစ်ပတ်၊ ဆယ်ရက်လောက်စောပြီး ပို့လွှတ်နိုင်တာပါ။ မင်းပြားမြို့ ရမှာပါ။ ပြီးတော့မှ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတောကို သွားမှာပါ။ အဲဒီမြို့တွေလည်း သတ်မှတ်ချိန်ထက် စောပြီးဓာတ်အားပို့လွှတ်နိုင်မှာပါ” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ဇွန်လ ၂၃ ရက်(ယနေ့) နံနက် ၈ နာရီကျော်တွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-မြောက်ဦးလိုင်းနှင့် ၆၆ ကေဗွီ မြောက်ဦး-မင်းပြား ဓာတ်အားလိုင်းတို့ကို ဓာတ်အားပို့လွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်တွင် ၂၃၀ ကေဗွီလိုင်းနှင့် ဆက်စပ်၍ ၆၆ ကေဗွီလိုင်းမှ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ခဲ့သဖြင့် ၁၁ ကေဗွီလိုင်းဖြင့် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်သို့ လျှပ်စစ်ဓာတ်အား စတင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို စစ်တွေနှင့် ပုဏ္ဏကျွန်းမြို့များသို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ချိန်တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရောက်ရှိခဲ့သော်လည်း မိုခါမုန်တိုင်းကြောင့် နေအိမ်များနှင့် လျှပ်စစ်ဝါယာကြိုးများ ပျက်စီးမှုများရှိသဖြင့် နေအိမ်များသို့ လျှပ်စစ်ဓာတ်အား ချက်ချင်းမပေးနိုင်ဘဲ စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ လျှပ်စစ်ဓာတ်အား ပေးပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ဓာတ်ပုံ- လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန (DPTSC)