◾️ ရေငုပ်သင်္ဘောရဲ့ အပျက်အစီးတွေကို မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရေအောက် ပေ ၁၃၀၀၀ခန့်တွင် တွေ့ရှိ
၂၃. ၆. ၂၀၂၃
Written by Pan Ei
တိုင်တန်းနစ် သင်္ဘောပျက်ကြီးဆီကို လေ့လာရေးခရီးအဖြစ် ဇွန်လ ၁၈ ရက် နံနက်က လူငါးဦးကိုတင်ဆောင်ကာ ရေပြင်အောက်ကို ဆင်းသက် ထွက်ခွာသွားခဲ့တဲ့ Titan ရေငုပ်သင်္ဘောငယ်ဟာ ပြင်းပြင်းထန်ထန်ပေါက်ကွဲခဲ့ပြီး ခရီးသည် ငါးဦးစလုံး သေဆုံးကာ ရေငုပ်သင်္ဘောရဲ့ အပျက်အစီးတွေကိုလည်း တွေ့ရှိခဲ့ကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်က ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။
ကနေဒါသင်္ဘောတစ်စင်းက စက်ရုပ်ရေငုပ်ယာဉ်တစ်စီးဟာ Titan ရေငုပ်သင်္ဘောငယ်ရဲ့ အမြီးပိုင်းအပျက်အစီးတွေကို ဒေသစံတော်ချိန် ကြာသပတေးနေ့နံနက်က မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တိုင်တန်းနစ်သင်္ဘောရဲ့အပျက်အစီးတွေကနေ ပေ ၁၆၀၀ အကွာ၊ ရေအောက် ပေ ၁၃၀၀၀ ခန့် ပင်လယ်ကြမ်းပြင်ပေါ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Titan ရေငုပ်သင်္ဘောပေါ်မှာ OceanGate ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် စတော့တန် ရတ်ရှ်က ရေယာဉ်မှူးအဖြစ်ဆောင်ရွက်ပြီး ဗြိတိသျှဘီလျံနာ ဟာမစ်ရှ် ဟာဒင်၊ ပါကစ္စတန်နည်းပညာနဲ့ စွမ်းအင်ကဏ္ဍမှာ အရေးပါ သြဇာလွှမ်းမိုးသူ ရှာဇာဒါ ဒါဝုဒ် နဲ့ သူ့ရဲ့ ၁၉ နှစ်အရွယ်သားဖြစ်သူ ဆူလေမန် တို့နဲ့အတူ တိုင်တန်းနစ်သင်္ဘောရှာဖွေလေ့လာရေးမှာ ထင်ရှားသူ ပေါလ် ဟင်နရီ နာဂီအိုလက် တို့လည်း လိုက်ပါသွားခဲ့ကြတာ ဖြစ်ပါတယ်။
ကမ်းရိုးတန်းစောင့်တပ်ရဲ့ သတင်းစာရှင်းလင်းပွဲမတိုင်မီမှာ OceanGate ကုမ္ပဏီက “Titan ရေငုပ်သင်္ဘောပေါ် လိုက်ပါလာသူ ငါးဦးမှာ ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Stockton Rush အပါအဝင် အသက်ရှင်ကျန်ရစ်သူမရှိကြောင်း” ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် “သူတို့ဟာ စွန့်စားမှုစိတ်ဓာတ်ကို မျှဝေခံစားကြပြီး ကမ္ဘာ့သမုဒ္ဒရာတွေကို စူးစမ်းရှာဖွေဖို့နဲ့ ကာကွယ်ဖို့ ပြင်းပြတဲ့စိတ်အားထက်သန်တဲ့ စူးစမ်းရှာဖွေသူတွေဖြစ်ကြပါတယ်” လို့ ဆုံးရှုးသွားရသူတွေအတွက် ကုမ္ပဏီက ကြေကွဲစွာနဲ့ ထုတ်ပြန်ခဲ့တာပါ။
ရေငုပ်သင်္ဘောငယ် Titan ဟာ ဇွန်လ ၁၈ ရက် မနက်မှာ ရေအောက်ကို စတင်ဆင်းသက်သွားခဲ့တာဖြစ်ပြီး အထောက်အပံ့ရေယာဉ် Polar Prince ကနေဒါရေခဲခွဲသင်္ဘောနဲ့ ရေအောက်ဆင်းသက်ပြီး တစ်နာရီနဲ့ ၄၅ မိနစ်အကြာမှာ ဆက်သွယ်မှုပြတ်တောက်သွားခဲ့တာလည်းဖြစ်ကာ ပါဝင်တဲ့ လူငါးယောက်အတွက် ၉၆ နာရီကြာထောက်ပံ့ပေးနိုင်မယ့် အောက်ဆီဂျင်ဟာလည်း ဇွန်လ ၂၂ ရက် နံနက်အထိပဲ ပါဝင်တာ ဖြစ်ပါတယ်။
အမေရိကန်၊ ကနေဒါ၊ ပြင်သစ်နဲ့ ဗြိတိန်တို့က ရှာဖွေရေးအဖွဲတွေနဲ့ ပံ့ပိုးကူညီရေးဝန်ထမ်းတွေက လေယာဉ်ပေါင်းများစွာ သင်္ဘောပေါင်းများစွာနဲ့ ပင်လယ်ပြင်ရဲ့ စတုရန်းမိုင်ထောင်ပေါင်းများစွာကို ရှာဖွေခဲ့ကြတာလည်း ဖြစ်ပါတယ်။
Ref; Reuters