၂၃. ၆. ၂၀၂၃
Written by Nay Aung
စင်ကာပူတရားရုံးသည် တရားဝင်ခွင့်ပြုချက်လိုင်စင်မှု မရှိဘဲ ငွေကြေးလွှဲပြောင်းပေးသော ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်းကြောင့် အသက် ၆၆နှစ်အရွယ်ရှိ ဦးဆန်းတင့် ဆိုသူကို ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် စင်ကာပူဒေါ်လာ ၁ သိန်း ဒဏ်ရိုက်လိုက်ကြောင်း သိရသည်။
ဦးဆန်းတင့်က ၎င်းအနေဖြင့် တရားဝင်လိုင်စင်မှုမရှိဘဲ မြန်မာနိုင်ငံသို့ ငွေကြေးများ လွှဲပြောင်းပေးပို့နိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပြီးနောက် စင်ကာပူ တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံ ပင်နင်ဆူလာပလာဇာရှိ ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာဖြစ်သော ဦးဆန်းတင့်ဆိုသူသည် ၃ နှစ်အတွင်း မြန်မာနိုင်ငံသို့ စင်ကာပူဒေါ်လာ သန်း ၃၀ ကျော် ငွေကြေးများ လွှဲပြောင်းပေးပို့နိုင်ရန် အခကြေးငွေယူကာ ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။
ဦးဆန်းတင့်သည် M/S Leo International Trading ကုမ္ပဏီ၏ဒါရိုက်တာဖြစ်ပြီး ၎င်း၏ ကုမ္ပဏီသည် ဘီယာနှင့် ပင်လယ်စာများကို တင်သွင်းခြင်း၊ တင်ပို့ခြင်းများ လုပ်ဆောင်ရန် မှတ်ပုံတင်ထားကြောင်း စင်ကာပူ တရားရုံးကပြောသည်။ ဦးဆန်းတင့်၏ ဇနီးဖြစ်သူသည် မသီရိနိုင်အမည်ရှိသော မြန်မာနိုင်ငံသူဖြစ်ပြီး စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရထားကြောင်း ပင်နင်ဆူလာပလာဇာရှိ M/S Leo International Tradingတွင် မန်နေဂျာအဖြစ် လုပ်ကိုင်နေကြောင်း စင်ကာပူတရားရုံးက ပြောသည်။
စင်ကာပူတရားရုံးက မသိရီနိုင် ဆိုသူကလည်း ခင်ပွန်းသည် ညွှန်ကြားချက်များအတိုင်း ဝန်ခံထွက်ဆိုထားသည်ဟု ဖော်ပြထားသည်။ ဦးဆန်းတင့်သည် ၂၀၁၇ ခုနှစ်မှစတင်ခဲ့ပြီး စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ ငွေကြေးများကို မိခင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးနိုင်ရန် ကူညီပေးခဲ့ကြောင်း စင်ကာပူတရားရုံးက ပြောသည်။
ဦးဆန်းတင့်က ၎င်းအနေဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်ပြီး ငွေလွှဲဝန်ဆောင်မှုများ လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၎င်း၏လုပ်ငန်းသည် တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး Leo International ကုမ္ပဏီမှတစ်ဆင့် မြန်မာနိုင်ငံသို့ ငွေကြေးလွှဲပြောင်းပေးမှုများကို လုပ်ကိုင်ခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် မိခင်မြန်မာနိုင်ငံသို့ ငွေကြေးပြန်လည်လွှဲပြောင်းပေးရန်အတွက် စင်ကာပူဒေါ်လာများကို ဦးဆန်းတင့်နှင့် ၎င်း၏ဇနီးဖြစ်သူထံ ချဉ်းကပ်အပ်နှံမှုများရှိလာခဲ့ကြောင်း သိရသည်။ ဦးဆန်းတင့်နှင့်ဇနီးဖြစ်သူတို့သည် ၎င်းတို့ထံလာရောက် လွှဲပြောင်းပေးခဲ့သော စင်ကာပူရောက် မြန်မာနိုင်ငံသားများ၏ စင်ကာပူဒေါ်လာများကို
ငွေကြေးလဲလှယ်နှုန်းများအတိုင်း မြန်မာကျပ်ငွေလဲလှယ်ပေးကာ မိခင်နိုင်ငံသို့ ပြန်လွှဲပြောင်းပေးပို့ခဲ့ကြောင်းသိရသည်။
Ref—headtopics