၂၃. ၆. ၂၀၂၃
Written by Pan Ei
ပုံမှန်မဟုတ်တဲ့ လမ်းဘေးအစားအစာတွေကို တီထွင်ရောင်းချတတ်လွန်းတဲ့ တရုတ်နိုင်ငံက ဆူဒီယူ လို့ခေါ်တဲ့ ကျောက်ခဲကြော်အကြောင်းဟာ အင်တာနက်ပေါ်မှာ လူပြောများနေခဲ့ပါတယ်။
ဆူဒီယူ ဆိုတာ ကျောက်တုံးငယ်တွေကို ဟင်းခတ်အမွှေးအကြိုင်တွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ ရောနှောကြော်လှော်ချက်ပြုတ်ထားကာ အရသာတွေနဲ့ ဖုံးလွှမ်းနေတဲ့ ကျောက်တုံးတွေကိုတော့ စုပ်ပြီး ထွေးထုတ်ရမှာပဲဖြစ်ပါတယ်။
ဆူဒီယူ ဟာ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက လှေသမားတွေ အစာမရှိတဲ့ မြစ်လယ်မှာ သောင်တင်နေချိန် တီထွင်ခဲ့တယ်လို့ ယူဆရပြီး အခုခေတ်မှာတော့ လူနေမှုစရိတ်စက အကျပ်အတည်းအတွင်း စရိတ်စက ဖြတ်တောက်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် တရုတ်နိုင်ငံမှာ တစ်ကျော့ပြန် ခေတ်စားလာပုံ ရပါတယ်။
အဆိုပါ ရိုးရာဟင်းလျာကို မျိုးဆက်ပေါင်းများစွာမှာ လက်ဆင့်ကမ်းလာခဲ့ကြပြီး အခုခေတ်မှာ တရုတ်နိုင်ငံက လမ်းဘေးဈေးသည်တွေဟာ ကြက်သွန်ဖြူ၊ ငရုတ်သီးနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ စတဲ့ ပါဝင်ပစ္စည်းတွေနဲ့အတူ မြစ်ချောင်းဘေးက ကျောက်ခဲတွေကို ရောကြော်ကြပါတယ်။
လမ်းဘေးဆိုင်တွေမှာ ဆူဒီယူကို ပြင်ဆင်မှုပြသတဲ့ ဗီဒီယိုတွေဟာ တရုတ်နိုင်ငံရဲ့ Instagram ဗားရှင်း Xiaohongshu နဲ့ Weibo တို့မှာ မကြာသေးမီက ပျံ့နှံ့သွားခဲ့ပြီး သန်းနဲ့ချီတဲ့လူတွေကို စူးစမ်းလိုစိတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ကျောက်ခဲကြော်မှာ စားသုံးနိုင်တဲ့ အစားအစာပါဝင်မှုက မရှိသလောက် နည်းပါးပေမဲ့ တစ်ပွဲကို တရုတ်ငွေ ၁၆ ယွမ် ( မြန်မာငွေနဲ့ဆို ၅၀၀၀ ဝန်းကျင်လောက်) ကျသင့်မှာပါ။
မြစ်ချောင်းဘေးက ကျောက်ခဲတွေကို ကျော်လှော်ချက်ပြုတ်ထားတာကြောင့် ဆူဒီယူကို စားသုံးခြင်းဖြင့် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပေါင်းစပ်ထားတဲ့ ငါးအရသာကို ရရှိတယ်လို့ တချို့ကပြောကြပြီး သွားဆရာဝန်တွေဆီ မသွားချင်ဘူးဆိုရင်တော့ ကျောက်ခဲတွေကို ဝါးမစားလိုက်ဖို့ လိုပါလိမ့်မယ်။ ကျောက်ခဲကြော်ကို စားသုံးပြီးပါကလည်း ကျောက်ခဲတွေကို အမှတ်တရအဖြစ် အိမ်ကို ယူဆောင်သွားလို့ ရတယ်လို့ ဆိုင်ရှင်တစ်ဦးကပြောပါတယ်။
Ref; Oddity Central, Daily Mail