၂၃. ၆. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးဆောင်ပြီး AD လိုင်စင်ရ ဘဏ်များနှင့် Customer များအကြား Online Trading အစီအစဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကနဦးအနေဖြင့် AD လိုင်စင်ရဘဏ် ခြောက်ဘဏ်မှ တစ်ဒေါ်လာ ၂,၉၂၂ ကျပ်ဖြင့် တစ်ရက်အတွင်း ဒေါ်လာ ၆ ဒသမ ၈၉ သန်းရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်က ယမန်နေ့က ကြေညာထားသည်။
AD လိုင်စင်ရဘဏ်အချင်းချင်းအကြား နိုင်ငံခြားငွေရောင်းဝယ်ခြင်းကို International Dealing Platform တစ်ခုဖြစ်သော Refinitiv Platform ဖြင့် ဆောင်ရွက်လျက်ရှိပြီး AD လိုင်စင်ရဘဏ်များနှင့် Customer များအကြား နိုင်ငံခြားငွေရောင်းဝယ်ရာတွင် Online ဖြင့် ရောင်းဝယ်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဇွန်လ ၂၂ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးဆောင်ပြီး AD လိုင်စင်ရ ဘဏ်များနှင့် Customer များအကြားနှင့် Customer အချင်းချင်းအကြား ရောင်းဝယ်ခြင်းကို Online Trading အစီအစဉ်ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကနဦးအနေဖြင့် AD လိုင်စင်ရဘဏ် ခြောက်ဘဏ်မှ ပါဝင်ဆောင်ရွက်ခဲ့ပြီး အရောင်းအဝယ် ဖြစ်မြောက်သည့်ပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၉ သန်းနှင့် ငွေလဲလှယ်နှုန်းမှာ ကျပ် ၂၉၂၀/၂၉၂၂ ဖြစ်ကြောင်း ကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း USD SWAP Financing နှင့် ရောင်းချခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ဖြစ်သည်။ online trading အစီအစဉ်တွင် ရောင်းဝယ်ခဲ့သော ငွေလဲလှယ်နှုန်းသည် ဈေးကွက်ပေါက်ဈေးဖြစ်သဖြင့် အခြားနေရာများ (social media အပါအဝင်) တွင် ဖော်ပြနေသည့် ငွေလဲလှယ်နှုန်းများသည် တရားမဝင်ကြောင်း အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် AD လိုင်စင်ရဘဏ်အချင်းချင်းအကြား၊ AD လိုင်စင်ရဘဏ်နှင့် customer များအကြား ရောင်းဝယ်သည့် နိုင်ငံခြားငွေကြေးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၃ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံပိုင်ဘဏ်နှစ်ဘဏ်အား အမေရိကန်က ပိတ်ဆို့ခဲ့သည့် သတင်းများကြောင့် ပြည်တွင်း၌ ဒေါ်လာ ဝယ်ယူရခက်ခဲလာပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၃,၀၀၀ ကျော်သို့ မြင့်တက်လာခဲ့ကြောင်း ပြည်တွင်း ဒေါ်လာအရောင်းအဝယ်ဈေးကွက်မှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိဘဏ္ဍာနှစ် နှစ်လခွဲအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှရငွေ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော်သာရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာလေးဘီလျံကျော်အထိရှိသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် နှစ်လကျော်အတွင်း ဒေါ်လာလိုအပ်ချက် ၁ ဒသမ ၂ ဘီလျံကျော်အထိရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။