၂၂. ၆. ၂၀၂၃
Written by Nay Aung
ရေကာတာဆောက်ရန်အတွက် ကွန်ကရစ်ပိုက်လုံးများ တင်ဆောင်လာသော ကားပေါ်တွင် လိုက်ပါစီးနင်းလာသော မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် ကားဘရိတ်ကို ရုတ်တရက်အုပ်လိုက်ချိန်တွင် ကွန်ကရက်ပိုက်လုံးများနှင့်အတူ ကားပေါ်မှ လွင့်စင်ထွက်ကာ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြထားသည်။
အဆိုပါအဖြစ်ပျက်သည် ထိုင်းနိုင်ငံ Nakhon Pathom ပြည်နယ်၊ ဆမ်ပရမ်ခရိုင် Omyai ဘုရားကျောင်းရှေ့ရှိ လမ်းအကွေ့တွင် ဇွန်လ ၂၁ ရက်နေ့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
ကားနံပတ် ၇၁၁၁၃၉ တပ်ဆင်ထားသော၂၂ ဘီး ဟီးနိုးကားသည် အရှည် ၂၂ မီတာရှိသော I-45 ပိုက်လုံးများ၊ ကွန်ကရစ်တိုင်များကို တင်ဆောင်မောင်းနှင်လာခဲ့ပြီး ကားပေါ်တွင် တင်ဆောင်လာသော ကွန်ကရစ်တုံးများအပေါ် မြန်မာအလုပ်သမား ၃ ဦး ထိုင်လျက်စီးနင်းလာခဲ့ကြောင်း ထိုင်း Nakhon Pathom ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကားက ရုတ်တရက် ဘရိတ်အုပ်လိုက်ချိန်တွင် ကွန်ကရစ်တိုင်များနှင့်အတူ လူများ လွင့်စင်ကျသွားခဲ့ပြီး ကွန်ကရစ်တိုင်များက လူအပေါ်ကို ကျရောက်မှုများရှိခဲ့ကြောင်း အသက် ၁၉နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကျော်သက်အောင်သည် ကွန်ကရစ်တိုင်များ ပြုတ်ကျမှုကြောင့် ဒဏ်ရာများရကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Por Teck Tung Foundation တာဝန်ရှိသူများက ပြောသည်။
ထိုင်းနိုင်ငံသား ကားမောင်းသမားက ၎င်းသည် ကွန်ကရစ်တိုင်များကို Tha Chin မြစ်နားတွင် ရေကာတာဆောက်လုပ်ရန်အတွက်Wat Om Yai ဒေသမှ ကွန်ကရစ်တိုင်များ တင်ဆောင်မောင်းနှင်လာခဲ့ကြောင်း၊ မြန်မာ နိုင်ငံသားရွှေ့ပြောင်းအလုပ်သမား သုံးဦးသည် ကားပေါ်တွင်တင်ထားသော ကွန်ကရစ်တိုင်များအပေါ် ထိုင်လျက်စီးနင်းလာခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်။
ကားက ရုတ်တရက်ဘရိတ်အုပ်လိုက်ချိန်တွင် ကွန်ကရစ်တိုင်များနှင့်အတူ အလုပ်သမားလွင့်ကျခဲ့ပြီး တိုင်များကအလုပ်သမားအပေါ်ကို ပြုတ်ကျခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသား ကျော်သက်အောင် ဆိုသူ အရိုးများကျိုးခဲ့ကာပွဲချင်းပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံကားမောင်းသမားဖြစ်သူ Mr. Kraiwut Bunsukကပြောသည်။
Ref——-Mgronline