MT News
Written by Tha Doe
အော်ရီဒူးမြန်မာဆက်သွယ်ရေးကုမ္ပဏီအား Nine Communications Pte သို့ ဒေါ်လာ ၅၇၆ သန်းဖြင့် လွှဲအပ်ရောင်းချလိုက်ပြီဖြစ်ကြောင်း Ooredoo Group က စက်တင်ဘာ ၈ ရက်တွင် တရားဝင်သတင်းထုတ်ပြန်လိုက်သည်။
တယ်လီကွန်းနယ်ပယ်တွင် နှစ် ၄၀ ကျော် အတွေ့အကြုံရှိသည့် ဦးဉာဏ်ဝင်းနှင့် Link Family Office တို့ ပိုင်ဆိုင်သည့် စင်ကာပူ SPV ကုမ္ပဏီ Nine Communication က အပြီးသတ်ဝယ်ယူခဲ့ပြီး လုပ်ငန်းတန်ဖိုး ဒေါ်လာ ၅၇၆ သန်း၊ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁၆၂ သန်းနှင့်အတူ အရောင်းအဝယ်ဖြစ်မြောက်မှုသည် မြန်မာ့စည်းမျဉ်းစည်းကမ်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် အညီပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရောင်းချမှုအပေါ် Ooredoo Group ၏ CEO နှင့် MD ဖြစ်သူ Aziz Aluthman Fakhroo က Ooredoo Group အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းစုကို နှုတ်ထွက်ရန် ခက်ခဲသော ဆုံးဖြတ်ချက် ချမှတ်ခဲ့ရကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သော Mytel၊ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သော MPT၊ နော်ဝေနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော Telenor၊ ကာတာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော Ooredoo စသော တယ်လီကွန်းကုမ္ပဏီလေးခုရှိသည်။ ၂၀၂၁ ခုနှစ် အာဏာထိန်းဖြစ်စဥ်အပြီး ပြည်ပနိုင်ငံများ၏ ဖိအားပေးမှုကြောင့် တယ်လီနောကုမ္ပဏီအား ၂၀၂၂ မတ်လတွင် လက်ဘနွန်အခြေစိုက် M1 Group ထံ အပြီးသတ် လက်လွှဲရောင်းချပြီးနောက် Atom ဟု အမည်ပြောင်းလဲခဲ့မှုဖြစ်စဥ် ဖြစ်ပွားခဲ့သည်။ ထို့နောက် Ooredoo ကိုလည်း မြန်မာလူမျိုးစီးပွားရေးလုပ်ငန်းရှင်ပါဝင်သည့် Nine Communication Pte သို့ လက်လွှဲရောင်းချခဲ့ခြင်းဖြစ်သည်။