MT News
Translated by Htwe Ko Tun
အတ္တလန်တိတ်သမုဒ္ဒရာ၏ ကြမ်းပြင်တွင် နစ်မြုပ်နေခဲ့သည်မှာ ၁၁၁ နှစ်ရှိပြီဖြစ်သော တိုင်တန်းနစ် သင်္ဘောပျက်ကြီးဆီသို့ လေ့လာရေးခရီးအဖြစ် ဇွန်လ ၁၈ ရက်နံနက်က ရေပြင်အောက်သို့ဆင်းသက် ထွက်ခွာသွားခဲ့သောTitan ရေငုပ်သင်္ဘောမှာ ဆက်းသက်၍ နှစ်နာရီအကြာတွင် အဆက်အသွယ်ပြတ်သွားခဲ့ပြီးနောက် ၎င်းတွင် ပါဝင်သော လူငါးယောက်အတွက် ၉၆ နာရီကြာထောက်ပံ့ပေးနိုင်မည့်အောက်ဆီဂျင်မှာလည်း ဇွန်လ ၂၂ ရက်နံနက်တွင် ကုန်ဆုံးသွားပြီဖြစ်သည်။
သို့သော် အာဏာပိုင်များက ရှာဖွေမှု လုပ်ငန်းကို မရပ်ဆိုင်းသေးဘဲ ဆက်လက်ဆောင်ရွက်နေသေးသည်ဟုသိရသည်။
အဆိုပါ တိုင်တန်းနစ် သင်္ဘောပျက်ကြီးဆီသို့ OceanGate စူးစမ်းလေ့လာရေး ခရီးစဉ်အရ Titan ရေငုပ်သင်္ဘောပေါ်တွင် OceanGate ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် စတော့တန် ရတ်ရှ်လည်း လိုက် ပါသွားပြီး ၉၆ နာရီကြာ ထောက်ပံ့ပေးနိုင်မည့် အောက်ဆီဂျင်က ရေငုပ်သင်္ဘောပေါ်ပါ လူငါးယောက်အတွက် ဇွန်လ ၂၂ ရက် နံနက် ရ နာရီ ၈ မိနစ်အထိသာ ပံ့ပိုးပေးနိုင်မည်ဟု သိရသည်။
ယခုအခါ ထိုအချိန်ကိုကျော်လွန်လာခဲ့ပြီးနောက် အဆက်အသွယ်ပြတ် ပျောက်ဆုံးနေသော Titan ရေငုပ်သင်္ဘောနှင့် ခရီးသည်ငါးဦး၏ကံကြမ္မာမှာလည်း အဆိုးဘက်သို့ ရောက်သွားခဲ့ပြီဖြစ်သည်။
ရှာဖွေမှု လုပ်ငန်းဆောင်ရွက်နေသော အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က အဝေးထိန်းကိရိယာဖြင့်ထိန်းချုပ်သော ရေယာဉ်တစ်စီးက ပင်လယ်ကြမ်းပြင်အထိရောက်ရှိကာ ပျောက်ဆုံးနေသော Titan ရေငုပ် သင်္ဘောကိုရှာဖွေခဲ့သည်ဟု ဇွန်လ ၂၂ ရက်နံနက်တွင် အတည်ပြုပြောခဲ့သည်။
ထို့ပြင် အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ဇွန်လ ၂၁ ရက်တွင် ၎င်းတို့လက်ခံရရှိသော ဆူညံသံများကလည်း Titan ရေငုပ်သင်္ဘောဆီမှမဟုတ်ကြောင်း အတည်ပြုပြောခဲ့ရာ Titan အားတွေ့ရှိရေး မျှော်လင့်ချက်က ပို၍အလှမ်းဝေးခဲ့သည်။ ထိုအချိန်မှာပင် ကျွမ်းကျင်သူများက Titan အား ပြန်လည်ကယ်ဆယ်နိုင်ရေးမှာဖြစ်နိုင်ဖွယ်မရှိတော့ကြောင်း ပြောကြားလာကြသည်။
Titan ရေငုပ်သင်္ဘောပေါ်တွင် OceanGate ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် စတော့တန် ရတ်ရှ်က ရေယာဉ်မှူးအဖြစ်ဆောင်ရွက်၍ ဗြိတိသျှဘီလျံနာ ဟာမစ်ရှ် ဟာဒင်၊ ပါကစ္စတန်နည်းပညာနှင့်စွမ်းအင် ကဏ္ဍတွင် အရေးပါ သြဇာလွှမ်းမိုးသူ ရှာဇာဒါ ဒါဝုဒ် နှင့် ၎င်း၏ ၁၉ နှစ်အရွယ်သားဖြစ်သူ ဆူလေမန် နှင့် တိုင်တန်နစ်သင်္ဘောရှာဖွေလေ့လာရေးတွင် ထင်ရှားသူ ပေါလ် ဟင်နရီ နာဂီအိုလက် တို့လည်း လိုက်ပါသွားကြခြင်းဖြစ်သည်။
ယင်းတို့ပျောက်ဆုံး၍ ၉၆ နာရီကြာပြီးနောက် အောက်ဆီဂျင်ကုန်ဆုံးသွားချိန်တွင် Titan ၌ လိုက်ပါသွားသူ ခရီးသည်များအဖို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များအဆိပ်သင့်မှုများဖြစ်လာနိုင်ကာ သုံးမိနစ်အတွင်းမှာပင် ဦးဏှောက်ထိခိုက်မှုဖြစ်ပြီး သေဆုံးသည်အထိဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြသည်။
မည်သို့ပင်ဖြစ်စေ Titan ရေငုပ်သင်္ဘောပေါ်ပါ လူငါးဦးအတွက် ၉၆ နာရီကြာ အောက်ဆီဂျင်ပံ့ပိုးပေးနိုင်မည့်အချိန်ကိုကျော်လွန်လာပြီဖြစ်ရာ ၎င်းတို့ကို ပင်လယ်ပြင်အောက်မှ အသက်ရှင်ကယ်ဆယ်နိုင်ရေး မျှော်လင့်ချက်မရှိသလောက်ပင်ဟုဆိုရပေမည်။
Ref-New York Post