၂၂.၆.၂၀၂၃
translated by Htwe Ko Tun
တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်းရှိ ယင်ချွန်းမြို့တွင် အသားကင်စားသောက်ဆိုင်တစ်ဆိုင်၌ ဓာတ်ငွေ့လျင်မြန်စွာယိုစိမ့်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၁ ဦးသေဆုံးခဲ့ရကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ပေါက်ကွဲမှုက သုံးရက်ကြာ Dragon Boat ပွဲတော်၏ အကြိုနေ့ဖြစ်သော ဇွန်လ ၂၁ ရက်၊ ည ၈ နာရီ ၄၀ တွင် ယင်ချွန်းမြို့၏ လူစည်ကားရာလမ်းတစ်ခုပေါ်၌ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ ပွဲတော်အကြိုနေ့ဖြစ်၍ လူအများအပြား အိမ်ပြင်သို့ထွက်ကြကာ သူငယ်ချင်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနေချိန်ဖြစ်၍ လမ်းပေါ်တွင် လူအများစုရုံးနေချိန်၌ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဟုလည်းသိရသည်။
ပေါက်ကွဲမှုကြောင့် လူအများအပြားမှာ သတိလစ်သွားကြကာ ၎င်းတို့ကိုစားသောက်ဆိုင်အပြင်သို့ ကယ်ထုတ်ခဲ့ရကြောင်း၊၎င်းတို့အထဲတွင် သက်ကြီးရွယ်အိုများနှင့် အထက်တန်းကျောင်းသားလူငယ်များလည်း ပါဝင်ကြောင်း ကယ်ဆယ်ရေးသမားများက ပြောခဲ့သည်။
ပေါက်ကွဲမှုမဖြစ်မီ တစ်နာရီခန့်အလိုတွင် အလုပ်သမားများက ချက်ပြုတ်ရာတွင်အသုံးပြုသော ဓာတ်ငွေ့အနံ့ကို သတိပြုမိခဲ့ကြကာ ဓာတ်ငွေ့ကန်တစ်ခု၏ အဆို့ရှင်တစ်ခု ပျက်စီးနေကြောင်း တွေ့ရှိခဲ့ကြသည်။ အဆိုပါအဆို့ရှင်အား အလုပ်သမားများက အစားထိုးလဲလှယ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရခြင်းဟုလည်း သိရသည်။
တရုတ်သမ္မတ ရှီကျင့်ဖိန်က ဒဏ်ရာရသူများအတွက် အရေးပေါ်ဆေးဝါးကုသစောင့်ရှောက်မှု လျင်မြန်စွာပြုလုပ်ရန်နှင့်ပြင်ဆင်မွမ်းမံမှုများပြုရာတွင် လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ပေါက်ကွဲမှုအပြီးတွင် ညွှန်ကြားမှုပြုခဲ့သည်။ ၎င်းကပေါက်ကွဲမှု၏အကြောင်းရင်းကို သေချာစွာစစ်ဆေးရန်နှင့် တာဝန်ရှိသူများကို ဥပဒေနှင့်အညီအရေးယူရန်လည်း ပြောခဲ့သည်။
ထို့ပြင် သမ္မတရှီက ဒေသတိုင်းတွင် အလားတူ ဆက်စပ်နေရာများ၌ လုပ်ငန်းခွင်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ကြရန်လည်းပြောကြားသွားခဲ့သည်။
ပေါက်ကွဲမှုက ယင်ချွန်းမြို့တွင် နာမည်ကြီးလူကြိုက်များသော Fuyang Barbecue အကင်စားသောက်ဆိုင်ကုမ္ပဏီကြီး၏ ဆိုင်ခွဲတစ်ခုဖြစ်၍ နှစ်ထပ်အဆောက်အအုံတစ်ခုဖြစ်သည်။ ဆိုင်၏မြေညီထပ်တွင် စားသုံးသူ ၂၀ ခန့်လက်ခံနိုင်ပြီး ဒုတိယထပ်တွင် ကာရာအိုကေ သီချင်းဆိုခန်းများပါဝင်သည့် သီးသန့် ညစာစားခန်းများလည်းရှိသည်။
Ref—- AP