၂၂. ၆. ၂၀၂၃
Written by Nyein Kyaw
ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်း၌ အိမ်ခြေမဲ့တစ်ဦး၏ ရုပ်အလောင်းတစ်လောင်းအားတွေ့ရှိရ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇွန်လ ၂၂ ရက် (ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း အမှတ် ၂၀၅ ၏ လှေကားတွင် မျက်နှာတွင် ထိခိုက်ဒဏ်ရာ အသေးစားရရှိထားသည့် အသက် ၄၀ ကျော်အရွယ် အိမ်ခြေမဲ့အမျိုးသားတစ်ဦး သေဆုံးနေသဖြင့် ရပ်ကွက်နေပြည်သူများက အကြောင်းကြားလာသောကြောင့် လင်းလက်လူမှုကူညီရေးအသင်းမှ သွားရောက်သယ်ယူပေးခဲ့ခြင်းဖြစ်သည်။
သေဆုံးအိမ်ခြေမဲ့အမျိုးသားကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်များနှင့် ဆက်သွယ်မှုမရသဖြင့် ပိုင်ရှင်မဲ့ရုပ်အလောင်းအဖြစ် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အားပြတ်ပြီး လဲတာလားမသိဘူး။ မျက်နှာမှာက ဒဏ်ရာတွေ့တယ် သေစေနိုင်လောက်တဲ့ ဒဏ်ရာတော့မဟုတ်ဘူး။ တွေ့တာက ကျောက်တံတား၊ ဆိပ်ကမ်းသာလမ်းပေါ့။ အိမ်အမှတ် ၂၀၅ လှေကားမှာပေါ့။ အိမ်ခြေမဲ့အမျိုးသားတစ်ဦးပါ။ သူတို့ကတော့ တစ်နေရာထဲ မနေဘူး။ သူတို့သွားတောင်းမယ်။ ပြန်လာရင် မိုးလုံမယ့်နေရာမှာ အိပ်ကြတယ်။ သေတဲ့အမျိုးသား အသက်ကတော့ ၄၀ နဲ့ ၅၀ နှစ် ကြားလောက်တော့ရှိတယ်” ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။