၂၂.၅.၂၀၂၃.
translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ မဲအများဆုံးရရှိခဲ့သည့် နိုင်ငံရေးပါတီနှစ်ခုဖြစ်သော Move Forward Party (MFP) နှင့် ဖျူထိုင်းပါတီတို့အကြား အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အငြင်းပွားနေရာလုမှုတိုက်ပွဲက ပို၍ပင် သဲကြီးမဲကြီးပြင်းထန်လာနေရကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
ဖျူထိုင်းပါတီ၏ ရွေးကောက်ခံအမတ်အများစုက အောက်လွှတ်တော်ဥက္ကဋ္ဌနေရာက ၎င်းတိုပါတီအတွက်သာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ကြသည်။ ထို့ပြင် ၎င်းတို့က MFP ပါတီဦးဆောင်သည့် ရှစ်ပါတီမဟာမိတ်အဖွဲ့တွင် ဖျူထိုင်းပါတီကပါဝင်နေသော်လည်း MFP ပြောသမျှ ခေါင်းငြိမ့်သဘောတူခြင်းထက် ၎င်းတို့ကဲ့သို့ အမတ်များ၏ပြောကြားမှုကိုလည်း ပါတီအနေဖြင့် အလေးထားနားထောင်သင့်ကြောင်း ပြောခဲ့ကြသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဖျူထိုင်းပါတီ၏ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားသောအမတ်များက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဇွန်လ ၁၉ ရက်က ထပ်မံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ပါတီခေါင်းဆောင် ချိုလ်နန်ဆရီကော၊ ဒုတိယခေါင်းဆောင် ဖွမ်သန်ဝီချာရာချိုင်းနှင့် အတွင်းရေးမှူး ပရာဆတ်ချန်တာရာရွန်တုံတို့အပါအဝင် ပါတီအမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
ဖျူထိုင်းပါတီသတင်းအရင်းအမြစ်များအရ မဟာမိတ်ရှစ်ပါတီမှ အချို့ပါတီများက MFP ပါတီမှာ ရွေးကောက်ပွဲတွင် မဲအများဆုံးရခဲ့သူဖြစ်၍ အခြေခံအားဖြင့် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကို MFP ကပင် ရယူကာ ဒုတိယမဲအများဆုံးရသော ဖျူထိုင်းပါတီက အောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌနေရာကိုသာ ရယူသင့်ကြောင်း ပြောကြားခဲ့မှုများကြောင့် ဖျူထိုင်းပါတီ၏ အမတ်အများအပြားမှာ မကျေမနပ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဖျူထိုင်းပါတီအမတ် အေဒီဆန်ပိုင်ယန်ကီးစ်က “ MFP ပါတီက အမတ် ၁၅၁ နေရာရခဲ့တယ်။ကျွန်တော်တို့ပါတီက ၁၄၁ နေရာရခဲ့တယ်။ကျွန်တော်တို့က တစ်ချိန်လုံး သူတို့ပြောသမျှ လိုက်ပြီးခေါင်းငြိမ့်နေသင့်လား။MFP အနေနဲ့ အစိုးရအဖွဲ့ကို ခေါင်းဆောင်သင့်တာကိုလက်ခံတယ်၊ ဒါပေမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကိုပါ ယူမယ်ဆိုတာက တရားလွန်သွားပြီ။ ခုလိုကျွန်တော် တိုက်ခိုက်ပြောကြားနေရတာ ဖျူထိုင်းပါတီအကျိုးအလို့ငှာပါ။ ကျွန်တော်တို့ပါတီမှာ အောက်လွှတ်တော် ဥက္ကဋ္ဌနေရာအတွက် သင့်တော်သူတွေ အများကြီးရှိပါတယ်။ သူတို့ပြောသမျှ လွယ်လွယ်နဲ့သဘောမတူသင့်ပါဘူး။ ပါတီမှာ ၂၂ နှစ်ကြာ နိုင်ငံရေးအတွေ့အကြုံတွေလည်း ရှိပါတယ်။ ဖျူထိုင်းက MFP ရဲ့ လက် အောက်ခံပါတီခွဲမဟုတ်ပါဘူး” ဟု တင်းတင်းမာမာပင် ဆွေးနွေးပြောကြားသွားသည်။
ဆွေးနွေးပွဲအပြီးတွင် ပါတီခေါင်းဆောင် ဒေါက်တာချိုလ်နန်ကလည်း ဖျူထိုင်းပါတီ၏အမတ်အများစုက အောက်လွှတ် တော် ဥက္ကဋ္ဌနေရာကို ဖျူထိုင်းပါတီမှရယူသင့်သည်ဟု သဘောတူကြကြောင်း၊ သို့သော် ထိုကိစ္စအားဆုံးဖြတ်ရန် ပါတီက နောက်တစ်ကြိမ် ဆွေးနွေးပွဲပြုလုပ်နိုင်ကြောင်း ပြောခဲ့သည်။ ဒုတိယ ခေါင်းဆောင် ဖွမ်သန်ကလည်း MFP ပါတီနှင့် အစိုးရအဖွဲ့နေရာများအတွက် အဖွဲ့တစ်ဖွဲ့ကို ၎င်းက ဦးဆောင်ကာဆွေးနွေးခဲ့ကြောင်း၊ MFP ကဝန်ကြီးချုပ်အဖြစ် ဦးဆောင်မည့်အစိုးရအဖွဲ့၌ ပါတီနှစ်ခုမှ ၁၄ ဦးစီပါဝင်ကြရန် အဆိုပြုခဲ့ကြောင်းလည်း ပြောခဲ့သည်။
ပါတီဒုတိယခေါင်းဆောင်တစ်ဦးဖြစ်သော ဆူနန်ကလည်း ပါတီအမှုဆောင်များအနေနှင့် ဤကိစ္စကိုပြေလည်စေရန်နှင့် MFP နှင့် ပဋိပက္ခမဖြစ်စေရန်နည်းလမ်းများ ရှာဖွေသွားမည်ဟု ဆိုခဲ့သည်။
Ref——Bangkok Post