MT News
Translated by Htwe Ko Tun
အမေရိကန်အခြေစိုက် CNN(The Cable News Network) သတင်းဌာန၏ ရုပ်မြင်သံကြားထုတ်လုပ်သူဟောင်းဖြစ်သော ဂျွန်ဂရစ်ဖင်းအား ကိုးနှစ်အရွယ်မိန်းကလေးငယ်ကို သွေးဆောင်ဖြားယောင်း၍ ဥပဒေနှင့်မညီ လိင်စော်ကားမှုများပြုခဲ့သော ကြောင့် ထောင်ဒဏ် ၁၉ နှစ်ခွဲနှင့် ခံဝန်ဖြင့်လွှတ်ပေးမှု ၁၅ နှစ် ထပ်မံကျခံရန် အမေရိကန်ပြည်ထောင်စု၊ ဗားမွန့်ခရိုင်တရားရုံးက ဇွန်လ ၂၀ တွင် စီရင်ချက်ချခဲ့သည်။
ကွန်နက်တီတပ်ပြည်နယ်၊ စတမ်းဖို့ဒ်မှဖြစ်သော ဂျွန်ဂရစ်ဖင်းက ဗားမွန့်ရှိ နှင်းလျှောစီးသမားများ အနားယူရာအဆောက် အအုံတွင် မိန်းကလေးငယ်အား သွေးဆောင်ဖြားယောင်း၍ အကျပ်ကိုင်မှုပြုကာ လိင်စော်ကားမှုများပြုခဲ့၍ လွန်ခဲ့သည့်ဒီဇင်ဘာလကပင် အပြစ်ရှိကြောင်း ပြည်ထောင်စုတရားရုံးက စီရင်ချက်ချခံရပြီးဖြစ်သည်။
ဂရစ်ဖင်း က ၂၀၂၀ ဇွန်လတွင် နီဗားဒါးပြည်နယ်မှ အသက်ကိုးနှစ်နှင့် ၁၃ နှစ်အရွယ်မိန်းကလေးနှစ်ဦး၏မိခင်အား သူမ၏ သမီးအကြီးဖြစ်သူမှာ ရိုက်ကူးရေးတွင် ပါဝင်သရုပ်ဆောင်ရန်အတွက် လေ့ကျင့်မှုပြုပေးရန်သင့်တော်ကြောင်း ဦးစွာသွေးဆောင်စည်းရုံးခဲ့သည်။
ထို့နောက် အမျိုးသမီးထံ နီဗားဒါးမှ ဘော့စတွန်သို့ လာရောက်ရန် လေယာဉ်ခ ဒေါ်လာ ၃၀၀၀ ကိုလည်းပို့ပေးခဲ့ရာ မိခင်ဖြစ်သူနှင့် ကိုးနှစ်အရွယ်သမီးတို့က ဘော့စတွန်သို့ လေယာဉ်ဖြင့်လာခဲ့ကြသည်ဟု ဆိုသည်။
၎င်းတို့က ဘော့စတွန်သို့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက လေယာဉ်ဖြင့်ရောက်လာကြရာ ဂရစ်ဖင်းက ခေါ်ယူပြီး လဒ်လိုမြို့ (Ludlow)ရှိ ၎င်း၏အိမ်တွင် ထားခဲ့သည်။ ထိုအိမ်၌ မိန်းကလေးငယ်မှာ ၎င်းညွှန်ကြားသည့်အတိုင်း လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများပြုခဲ့ရသည်။
ဂရစ်ဖင်း၏အသနားခံမှုကြောင့် အခြားကလေးငယ်များအား အလားတူဆောင်ရွက်ခဲ့မှုအတွက် အမှုနှစ်ခုကို ပိတ်ခဲ့ကြောင်း သိရသည်။
ဂရစ်ဖင်းက CNN တွင် ရှစ်နှစ်ကြာအလုပ်လုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် အဖမ်းခံရချိန်၌ အလုပ်မှ ပြုတ်ခဲ့ခြင်းလည်းဖြစ်သည်။ နီဗာဒါးပြည်နယ်၊ ဟန်ဒါဆန်မြို့ မှ မိန်းကလေးငယ်နှစ်ဦး၏ မိခင်မှာလည်းအဖမ်းခံခဲ့ရကာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် တရားစွဲခံခဲ့ရသည်။ သို့သော် ထိုအမျိုးသမီးအားစွဲဆိုထားသောအမှုကို ရှင်းလင်းစွာမသိရသေးပေ။
Ref–AP