November 1, 2024

MT News

Written by Nay Moe

မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် KNU/KNLA နှင့် PDF များ၏ ကော့ကရိတ်မြို့သိမ်း တိုက်ပွဲတွင် ပြည်သူသုံးဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့သည်ဟု SAC က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF များက ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာနအဆောက်အဦများအတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်ဟု ဆိုသည်။

ဖြစ်စဉ်မှာ KNU/KNLA တပ်မဟာ(၆)တပ်ရင်း(၁၇၊ ၁၈၊ ၂၇)မှ သောင်းကျန်းသူများ၊ KKO (ခွဲထွက်)အဖွဲ့ နှင့် NUG၊ CRPH တို့၏လက်ဝေခံ PDF များသည် ကော့ကရိတ်မြို့၊ မြဝတီမြို့နှင့် သင်္ကန်းညီနောင်မြို့ စသည့်မြို့ကြီးများကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ နယ်မြေခံတပ် ဌာနချုပ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တည်ရှိသည့်နေရာ၊ စခန်းများနှင့်လှုပ်ရှားစစ်ကြောင်းများအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ရန်စီစဉ်လျက်ရှိကြောင်း တည်ငြိမ် အေးချမ်းမှုကို လိုလားသည့်ပြည်သူများထံမှ ကြိုတင်သတင်းရရှိခဲ့သဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့လုံခြုံရေးများကို နေ့ညမပြတ် အသင့်စောင့်ဆိုင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ နေ့ညမပြတ်အသင့်စောင့်ဆိုင်းလျက်ရှိစဉ် သောင်းကျန်းသူများနှင့် အကြမ်းဖက်သမားများက ယနေ့နံနက် ၇ နာရီခွဲခန့်တွင် လက်နက်ကြီးများဖြင့် ကော့ကရိတ်မြို့အတွင်းသို့ အဝေးမှ စတင်ပစ်ခတ်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီ အချိန်ခန့်တွင် အင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ကော့ကရိတ်မြောက်ဘက်ရှိ ခင်နိမ်းမူအိမ်ရာဂိတ်(၃)သို့လည်းကောင်း၊ အဘောဘုရားကုန်း၊ ကြောင်လျှာကုန်း၊ ဝန်ထမ်းအိမ်ရာများသို့လည်းကောင်း၊ မြို့နယ်လမ်းမကြီးရှိ လမ်းလုံခြုံ ရေးနေရာများသို့လည်းကောင်း တစ်ချိန်တည်းတစ်ပြိုင်တည်းတွင် အင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျကြိုတင်စုဖွဲ့ အသင့်ဖြစ်မှုတို့ကြောင့်လည်းကောင်း၊ တာဝန်သိပြည်သူများက တိုက်ပွဲအတွင်းမှ သောင်းကျန်းသူနေရာများအား သတင်းပေးပို့မှုကြောင့်လည်းကောင်း အကြမ်းဖက်သမားများ၏ ဝင်ရောက်တိုက်ခိုက်မှုကို ဝန်ထမ်းအိမ်ရာ တစ်ဝိုက်မှလွဲ၍ ထိရောက်စွာတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သဖြင့် အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီချိန်ခန့်တွင် သောင်းကျန်းသူများအထိနာ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဝန်ထမ်းရပ်ကွက်အတွင်း ရောက်ရှိလာသော သောင်းကျန်းသူများမှာ အရပ်သားပြည်သူများ နေထိုင်နေသည့် လူနေအိမ်များအတွင်းမှ အရပ်သားပြည်သူများနှင့် အဆောက်အဦများကို အကာကွယ်ရယူကာ လူသားတံတိုင်းအဖြစ် အသုံးချတိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အများပြည်သူနှင့်လူနေအဆောက်အဦများကို ထိခိုက်မှုမရှိစေရေး ထိန်းထိန်းသိမ်းသိမ်း အကန့်အသတ်ဖြင့်တိုက်ခိုက်ရခြင်း၊ ဝိုင်းပတ်ချေမှုန်းနိုင်ရေး ဆောင်ရွက်ခဲ့ရခြင်းတို့ကြောင့် အောက်တိုဘာ ၂၁ ရက် ညနေ ၃ နာရီခန့်မှသာ သောင်းကျန်းသူများ ဝန်ထမ်းရပ်ကွက်အတွင်းမှ ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ကော့ကရိတ်မြို့၏ မြောက်ဘက်နှင့်အရှေ့ဘက်သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးလျက်ရှိသော အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက လေကြောင်း၊ အမြောက်နှင့်သံချပ်ကာယာဉ်များ၏ ပစ်ကူရယူ၍ ထပ်ကြပ်လိုက်လံချေမှုန်းလျက်ရှိသည်။

အကြမ်းဖက်များ၏လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လူနေရပ်ကွက်အတွင်းရှိနေ အိမ်အချို့ထိခိုက်ပျက်စီးခဲ့ရပြီး အပြစ်မဲ့ပြည်သူအမျိုးသား ၂ ဦး၊အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အသက်အန္တရာယ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *