MT News
Written by Thettant
ကလေးငယ်များ ထိုးရမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Pfizer Vaccine တစ်သိန်း ထိုင်းက မြန်မာသို့ လှူဒါန်းသည့်ဆေးများ ယနေ့ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine ၁၀၀,၀၀၀ Doses နှင့် ဆေးထိုးအပ်များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကာကွယ်ဆေးများအား လွှဲပြောင်းလက်ခံခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အခြေခံပညာကျောင်းသား/သူများအား ထိုးနှံပေးခဲ့ရာ အကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၉၄.၃၅) ရာခိုင်နှုန်းရှိပြီး ကျောင်းပြင်ပကလေးများအား အကြိမ်ပြည့်ထိုးနှံပြီးစီးမှု (၇.၈၉) ရာခိုင်နှုန်းရှိပြီဖြစ်သည်။ ယခုထိုင်းနိုင်ငံမှလှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine များအား အသက်(၅)နှစ်မှ (၁၁) နှစ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော အခြေခံပညာကျောင်းသား/သူများနှင့် ကျောင်းပြင်ပ ကလေးများအား ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။