October 22, 2024

YBS စီးနင်းသူ ပြည်သူများအား တွေ့ရစဥ်

MT News

Written by Hey Mar

YUPT အများပိုင် ယာဥ်လိုင်း၏ အစုရှယ်ရာရှင်များမှ ရင်းနှီးမြှုပ်နှံငွေ ငွေကျပ် ၂ ဒဿမ ၂၃၄၂ ဘီလျံကို ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း YUPT ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

YUPT ကုမ္ပဏီကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၀ရက်တွင် အများပိုင်ယာဥ်လိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး အစုငွေ တစ်စုလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် အစုရှယ်ယာရှင် ၂၈၈ ဦး၏ ရင်းနှီးငွေ ကျပ် ၅ ဒဿမ ၆၄၂ ဘီလျံ ထည့်ဝင်ခဲ့ကြောင်းသိရသည်။

အဆိုပါရင်းနှီးငွေမှ တရုတ်နိုင်ငံထုတ် ၂၀၀၇ မော်ဒယ် စီးတီးဘတ်(စ်) ၁၀၅ စီး၊ ၂၀၀၆- ၂၀၀၇ မော်ဒယ် ကိုရီးယားနိုင်ငံထုတ် စီးတီးဘတ်(စ်) ၁၃၅ စီး၊ စုစုပေါင်း ၂၄၀စီးကို ကျပ် ၄ ဒဿမ ၆၄၂ ဘီလျံဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

YUPT အများပိုင်ယာဥ်လိုင်းကုမ္ပဏီ၏ ရှယ်ယာ ၈၆ ဒဿမ ၆၃ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပိုင်ဆိုင်ထားသည်။ ကနဦး အများပြည်သူ ရှယ်ယာရှင် ၁၅၀ ဦး၏ ရင်းနှီးငွေရှယ်ယာမှာ ကျပ် ၂ ဒဿမ ၄၃၇၄ ဘီလျံရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆ ရာခိုင်နှုန်းဖြစ်သည်ဟု သိရသည်။ အခြား ကုမ္ပဏီ ၄ ခုနှင့် လူပုဂ္ဂိုလ် ၄ ဦး တို့မှ ထည့်ဝင်ထားသည့် ရင်းနှီးငွေမှာ ၃ ဒဿမ ၁၉၇၀ ဘီလျံနှင့် ရာခိုင်နှုန်းအားဖြင့် ၇ ဒဿမ ၈၇ ရာခိုင်နှုန်းဖြစ်ပြီး စုစုပေါင်း မြှုပ်နှံငွေ ကျပ် ၄၀ ဒဿမ ၆၃၄၂ ဘီလျံ ရှိကြောင်း သိရသည်။

အဆိုပါ ရင်းနှီးငွေရှယ်ယာများအနက် အစုရှယ်ယာ မတည်ငွေ လျှော့ချရေးနှင့်ပတ်သတ်၍ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၁၁၁ အရ အစုငွေများပြန်လည်ထုတ်ပေးရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ က ကျင်းပသည့် တတိယအကြိမ်အထွေထွေအစည်းအဝေးတွင် ဒါရိုက်တာတစ်ဦးမှ ဖတ်ကြားတင်ပြခဲ့သည်။

YUPT ဒါရိုက်တာ ဦးဝင်းမြင့်က “ရှယ်ယာ ပြန်လည်ထုတ်ယူဖို့ အဆိုပြုထားတဲ့ အများပြည်သူအစုရှယ်ယာရှင် ၁၄၁ ဦးရဲ့ ရင်းနှီးမြှပ်နှံငွေ ၂ ဒဿမ ၂၃၄၂ ဘီလျံ ကို မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ (၁၁၁) ၊ ပုဒ်မခွဲငယ် (ဇ) အရ ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အခု နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်ပြီး ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA ကို ၂၁ ရက်အတွင်းတင်ပြရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး နေ့စဥ်ထုတ် သတင်းစာမှ ာကြေညာပြီးနောက် ၂၈ ရက်မြောက်တဲ့နေ့ကစပြီး အစုရှယ်ယာရှင်များရဲ့ ငွေများကို YUPT ကုမ္ပဏီမှာ လာရောက်ထုတ်ယူနိုင်ပါတယ်” ဟု ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *