MT News
Written by Pan Ei
အခုနှစ်အစောပိုင်းက ခင်ပွန်းဟောင်းနဲ့သူ့မိသားစုဝင်တွေက ရက်စက်စွာ သ-တ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဟောင်ကောင်မော်ဒယ် Abby Choi ရဲ့ နာရေးကို Po Fook အောက်မေ့ဖွယ်ခန်းမမှာ ဇွန်လ ၁၉ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ရိုးရာအရောင် အဖြူအမည်းအပြင်အဆင်က သွေဖယ်ကာ Choi ရဲ့အကြိုက်ဆုံးအရောင်ဖြစ်တဲ့ ပန်းရောင်နဲ့ အလှဆင်ကာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက Choi ရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ဧပြီလကတည်းက သူမရဲ့မိသားစုထံ ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ Choi အသက်ရှင်နေစဥ်အချိန်က သူမရဲ့အလှဟာ ဂုဏ်ယူစရာကောင်းအောင် လူသိများခဲ့တဲ့အတွက် မိသားစုက သူမရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို 3D နဲ့ ပြန်လည် ပုံဖော်ဖန်တီးလိုတာကြောင့် သူမရဲ့ဈာပနနဲ့ မီးသင်္ဂြိုဟ်ခြင်းလုပ်ငန်းစဉ်တွေဟာ နှောင့်နှေးခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ တိုင်ဝေမှာရှိတဲ့ ဖိုးလင်းဘုန်းကြီးကျောင်းမှာ မီးသဂြိုလ်ခဲ့တာပါ။
အသက် ၂၈ နှစ်အရွယ် ကလေးလေးယောက်မိခင် Abby Choi ဟာ ဖေဖော်ဝါရီလနှောင်းပိုင်းက ငွေကြေးအငြင်းပွားမှုကြောင့် ဖမ်းဆီးခံရပြီး ခုတ်ထစ်သ-တ်ဖြတ်ခံခဲ့ရကာ ပျောက်ဆုံးနေတဲ့ သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကျေးရွာတစ်ခုမှာရှိတဲ့ သားသတ်ရုံလိုမျိုး တည်ဆောက်ထားတဲ့ အိမ်တစ်အိမ်မှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိခဲ့တဲ့ စွတ်ပြုတ်နှစ်အိုးမှာလည်း လူသားရဲ့ တစ်ရှူးတွေ ပါဝင်တာကို တွေ့ရှိခဲ့ရတာပါ။
နိုင်ငံတကာ ဖက်ရှင်ရှိုးပွဲတွေမှာ ပါဝင်ခဲ့ဖူးပြီး ထင်ရှားကျော်ကြားတဲ့ တရုတ်ရဲ့ Tik Tok ဗားရှင်းဖြစ်တဲ့ Douyin နဲ့ Instagram နှစ်ခုစလုံးမှာ နာမည်ကြီးတဲ့ မော်ဒယ်လ်ဖြစ်တဲ့ Abby Choi ဟာ လုပ်ကြံ သ-တ်ဖြတ်စားသောက်ခံရဖွယ်ရှိတဲ့သေဆုံးမှုဟာ ကမ္ဘာတဝှမ်းက သတင်းခေါင်းကြီးပိုင်းတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။
သူမသေဆုံးပြီး လေးလအကြာမှ ပြုလုပ်ရတဲ့ ဈာပနအခမ်းအနားမှာ အနုပညာရှင်တွေနဲ့ ရာနဲ့ချီတဲ့ ဝမ်းနည်းပူဆွေးသူတွေက ပေးပို့တဲ့ လွမ်းသူ့ပန်းခွေတွေနဲ့အတူ သူမ အကြိုက်ဆုံး ပန်းရောင်နဲ့ အလှဆင်ထားတဲ့ ဈာပနအခမ်းအနားမှာ သူမရဲ့ သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေက နှုတ်ဆက်ခဲ့ကြပါတယ်။
ဈာပနအခမ်းအနားဝင်ပေါက်ကို ပန်းရောင်လိုက်ကာစတွေနဲ့အတူ ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ Choi ရဲ့ပုံနှစ်ပုံကို ဝင်ပေါက်ရဲ့ တစ်ဖက်တစ်ချက်စီမှာ ထားခဲ့ပါတယ်။ ဈာပနကို တက်ရောက်သူတွေထဲမှာ သူမရဲ့ ခင်ပွန်းဖြစ်တဲ့ Chris Tam လည်း ပါဝင်ပါတယ်။
Choi ရဲ့ ဈာပနကိုတက်ရောက်ခဲ့တဲ့ မင်းသမီး Adrienne Lau ကလည်း Choi က “စိတ်ကောင်းနှလုံးကောင်းရှိတဲ့ သူငယ်ချင်းတစ်ဦးဖြစ်တယ်”လို့ ပြောကြားခဲ့ပြီး “လာမယ့် Fashion Week ကို အတူတူသွားကြမယ်လို့ပြောခဲ့ပေမယ့် အခွင့်အရေးမရှိတော့ပါဘူး” လို့ ဝမ်းနည်းစွာ ပြောကြားခဲ့ပါတယ်။
အခုလက်ရှိမှာတော့ Choi ရဲ့ ခင်ပွန်းဟောင်း Alex Kwong ၂၈ နှစ်၊ ခင်ပွန်းဟောင်းရဲ့ အစ်ကို Anthony အသက် ၃၁ နှစ်နဲ့ ခင်ပွန်းဟောင်းရဲ့ဖခင် Kwong Kau ၆၅ နှစ်တို့ဟာ လူသ-တ်မှုနဲ့ စွဲချက်တင်ခံထားရပြီး Alex Kwong ရဲ့ မိခင် Jenny Li အသက် ၆၃ နှစ်က တရားမျှတမှုလမ်းစဉ်ကို ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။
သူတို့မိသားစုဟာ အာမခံရယူခွင့် ငြင်းပယ်ခံထားရပြီး လက်ရှိမှာ အကျဉ်းကျခံနေရကာ လာမယ့် ဇူလိုင် ၃၁ ရက်မှာ တရားရုံးမှာ ကြားနာဖို့ စီစဉ်ထားပါတယ်။
Ref; CNN