◾️ လားရှိုးမြို့ရှိ Golden Hill Hotel ယာဉ်ရပ်နားရာနေရာကို လူ ၂ ဦးက လက်ပစ်ဗုံးဖြင့်ပစ်၍ ပေါက်ကွဲမှုဖြစ်ပွားပြီး ဟိုတယ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရ
၂၁. ၆. ၂၀၂၃
Written by Naing Thuta
လားရှိးမြိုရှိ Golden Hill Hotel ရှေ့ ယာဉ်ရပ်နားရာနေရာသို့ အမည်မသိအမျိုးသား ၂ ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ ပေါက်ကွဲမှုဖြစ်ပွားပြီး ဟိုတယ်လုံခြုံရေးဝန်ထမ်းတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၀ ည ၈ နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိ Golden Hill Hotel ရှေ့ ယာဉ်ရပ်နားရာနေရာ ပုဂံလမ်းနှင့်မေတ္တာလမ်းဆုံအနီးသို့ အမည်မသိအမျိုးသားလူငယ် ၂ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာခဲ့ပြီး လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဟိုတယ်လုံခြုံရေးဝန်ထမ်းအမျိုးသားက ၎င်းဗုံးကို လမ်းမပေါ်သို့ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် လမ်းမပေါ်၌ ပေါက်ကွဲခဲ့ကြောင်း ဟိုတယ်မှတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လုံခြုံရေးဝန်ထမ်းသည် သွား ၁ ချောင်းကျိုးသွားကာ အနည်းငယ်ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) ရရှိခဲ့သည့်အပြင် ပေါက်ကွဲမှုအနီးတွင် ရပ်ထားသော Grande Mark ll ယာဥ်၏ ဘေးကိုယ်ထည် အနည်းငယ်ထိမှန် ပွန်းပဲ့ခဲ့ကြောင်းလည်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေပြီး အမှတ်(၁)ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။