MT News
၂၀. ၆. ၂၀၂၃
အမေရိကန်က မြန်မာအစိုးရ၏ နိုင်ငံပိုင်ဘဏ်နှစ်ခုအား ပိတ်ဆို့မည်ဆိုသည့်အပေါ် စိုးရိမ်စရာမလိုကြောင်းနှင့် ငွေကြေးဆုံးရှုံးမှုမရှိဘဲ ဆက်လက်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း SAC ၏ ဝန်ကြီးဌာနနှင့် ပြောရေးဆိုခွင့်ရှိသူက အာမခံချက်ပေးသည်။
လက်ရှိ ပိတ်ဆို့မှုနှင်ပတ်သက်၍ SAC ၏ စီမံကိန်းဘဏ္ဍာရေးဝန်ကြီးဌာနက ယခုထုတ်ပြန်ရာတွင်
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ တစ်ဖက်သတ် စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်ချမှတ် ဆောင်ရွက်လျက်ရှိရာတွင် ယနေ့ ဇွန်၂၀ မှစ၍ နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အား စီးပွားရေးပိတ်ဆို့ ကန့်သတ်မှု စာရင်းတွင် ထည့်သွင်းသတ်မှတ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ဝန်ဆောင်မှုပေးရာတွင် စနစ်တကျ၊ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အမေရိကန်အခြေစိုက်ဘဏ်များတွင်လည်းကောင်း၊ အမေရိကန်ဘဏ်များ၏ ဘဏ်ခွဲများတွင်လည်းကောင်း နိုင်ငံပိုင်ဘဏ်များ၏ နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိသည့်အတွက် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘဲ နိုင်ငံ ခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုများကို စနစ်တကျ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ် သည်။ ယခင်ကာလများကလည်း အလားတူအရေးယူပိတ်ဆို့မှုများ တွေ့ကြုံခဲ့ရသော် လည်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့သည် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်နှေးရပ်တန့်မှုမရှိဘဲ စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်ဟု ထုတ်ပြန်သည်။
ထို့ကြောင့် ယခုထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သက်၍ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြပူပန်ခြင်းမရှိဘဲ ယုံကြည်စွာဖြင့် ဆက်လက်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုကို နိုင်ငံပိုင်ဘဏ်(၂)ဘဏ်တည်းမှသာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်များ ၊ နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲ များမှလည်း ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က သတ်မှတ်ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံခြားသုံးငွေ လွှဲပြောင်း၊ ပေးပို့၊ လက်ခံသည့်ကိစ္စရပ်များ ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ၊ အလုပ်သမား ၊ သင်္ဘော သား လုပ်ခ၊ လစာများလွှဲပို့ခြင်းကိစ္စရပ်များအတွက် အဆင်ပြေစေရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဘဏ်နှင့်ဆက်သွယ်သူပြည်သူများသိရှိစေရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးထားသည်။
ထို့အတူ SAC ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း “ဒီဘဏ်တွေက အမေရိကန်အခြေစိုက်ဘဏ်တွေ၊ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်နေတာမရှိဘူး။ မရှိတဲ့အတွက်ကြောင့် နံပါတ် တစ်အချက် နိုင်ငံခြားငွေဆုံးရှုံးမှုမရှိနိုင်ဘူး။ နိုင်ငံခြားငွေနဲ့ ကုန်သွယ်ငွေပေးချေမှုတွေကို ကျွန်တော်တို့ စနစ်တကျဝန်ဆောင်မှု ဆက်လက်ဆောင်ရွက် ပေးသွားမယ်။ နံပါတ် နှစ် အချက်အနေနဲ့ မိဘပြည်သူတွေကို သတိပေးလိုတာက အဲဒီထွက်ပေါ်နေတဲ့သတင်းတွေနဲ့ပတ်သက်လို့ ဘဏ်နဲ့ဆက်သွယ်ဆောင်ရွက်တဲ့မိဘပြည်သူတွေ မစိုးရိမ်ကြဖို့ အသိပေးလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခြားငွေဝန်ဆောင်မှုလုပ်ငန်းတွေကို ဘဏ်နှစ်ဘဏ်တည်းက ဆောင်ရွက်နေတာမဟုတ်ဘဲ ပုဂ္ဂလိကဘဏ်တွေ နိုင်ငံခြားဘဏ်တွေရဲ့ဘဏ်ခွဲတွေ နိုင်ငံခြားငွေသုံးငွေကြီးကြပ်မှုကော်မတီတို့၊ ဗဟိုဘဏ်တို့ကနေ သတ်မှတ်ထားတဲ့စည်းကမ်းနဲ့အညီ နိုင်ငံခြားသုံးငွေတွေ လွှဲပြောင်းတာ၊ ပေးပို့တာ လက်ခံတဲ့ကိစ္စတွေ၊ ပို့ကုန်သွင်းကုန်ကိစ္စတွေ၊ အလုပ်သမား၊ သင်္ဘောသား၊ လုပ်ခလစာတွေ လွှဲပို့ခြင်းကိစ္စရပ်များကို အဆင်ပြေအောင်ဆက်လက်ဆောင်ရွက်ပေးသွားမယ်။ ပူပန်စရာမလိုဘူးလို့ဘဲ ပြောလိုပါတယ်”ဟု ပြောကြားသည်။