၂၀. ၆. ၂၀၂၃
Written by Nay Moe
မြောက်ဥက္ကလာပမြို့နယ်ရှိ “မြတ်မောင်”စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်သူများမှာ တွံတေးမြို့ပြပြောက်ကျားအဖွဲ့ဝင်များဖြစ်နေပြီး ထိုတရားခံများက ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်ဇနီးသည်များအပါအဝင် လူ ၂၃ ဦးကို သတ်ဖြတ်ထားကာ ဓားပြတိုက်မှုသုံးမှူပါ ကျုးလွန်ထားကြသူများဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု သိရသည်။
မြတ်မောင်ရွှေဆိုင်မှ ရွှေနှင့်စိန် ကျပ်သိန်း ၁၇၀၀၀ ဖိုးခန့် ပစ်ခတ်ဓားပြတိုက်သူ ၉ ဦးအား ၅ နာရီအတွင်း ဖမ်းမိခဲ့ကြောင်း MT News သတင်းဌာနက အောက်ပါအတိုင်းဖော်ပြခဲ့ပြီးဖြစ်သည်။
#သတင်းအပြည့်အစုံပြန်လည်ဖတ်ရှုရန်
အဆိုပါ ဓားပြတိုက်လုယက်မှုဖြစ်စဉ်မှ တရားခံများအား စစ်ဆေးဖော်ထုတ်ချက်အရ တရားခံ ဖြိုးကိုကို သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် KNLA တပ်မဟာ(၆) နယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအားလည်းကောင်း၊ ကိုကိုအောင်၊ ကောင်းမြတ်၊ ကျော်ဇင်ဝေနှင့် ကောင်းထက်စံ တို့ ၄ ဦးသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တွံတေးမြို့နယ်၊ ဂယက်လက်မီးကျေးရွာတွင် တွံ့တေးမြို့ပြပြောက်ကျားအဖွဲ့မှ ဖွင့်လှစ်သည့် ဖောက်ခွဲရေးသင်တန်းအား လည်းကောင်း အသီးသီးတက်ရောက်ခဲ့ကြောင်းနှင့် တွံတေးမြို့ပြပြောက်ကျားအဖွဲ့အား ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖမ်းဆီးရန်ကျန် တရားခံ ဆံရှည်(ခ)ကိုထက်နှင့် ချမ်းမြေ့အောင် တို့မှ ခေါင်းဆောင်၍ ကိုကိုအောင်၊ ဖြိုးကိုကို၊ ကောင်းမြတ်၊ ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်၊ ကောင်းထက်စံ အပါ အဝင် ၂၅ ဦး ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်၊ ဓားပြတိုက်လုယက်မှုများပြုလုပ်ရန်အတွက် M4A1 သေနတ် ၂ လက်၊ M-16 သေနတ် ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ ၉ မမ Luger ကျည် ၃၀၀ တောင့်တို့အား ဖမ်းဆီးရန်ကျန် တရားခံ ဆံရှည်(ခ)ကိုထက်၏ ချိတ်ဆက်ပေးမှုဖြင့် ဖြိုးကိုကိုမှ တွံတေးမြို့နယ်၊ ညောင်တံခါးကျေးရွာအနီးတွင် ဖမ်းဆီးရန်ကျန်တရားခံ ချမ်းမြေ့ထံမှ ၂ ကြိမ်ခွဲ၍ သွားရောက် ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ဆက်လက်ထွက်ဆိုချက်များအရ ၎င်းတို့ ၂၀၂၂ ခုနှစ်အတွင်း လုပ်ဆောင်သော သတ်ဖြတ်လုယက်မှုများမှာ
◾ ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်တွင် ဖြိုးကိုကိုသည် တွံတေးမြို့နယ်၊ တလုတ်ထော်အောက်ကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦးနှင့် ဇနီးဖြစ်သူတို့အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
◾ မတ်လ ၁၀ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင်တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက် ရာအိမ်မှူး ဦးကြည်လေးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းမြတ်မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
◾ မတ်လ ၁၃ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင်တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ ကျိုက်ထော်-ကညင်ငူ ကားလမ်းတွင် အပြစ်မဲ့ပြည်သူ ဒေါ်ခင်မိုးသူအား ဒလန်ဟု စွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းမြတ်မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
◾ ဩဂုတ်လ ၁ ရက်တွင် ဖြိုးကိုကိုသည် တွံတေးမြို့နယ်၊ ဘီခိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်နှင့် ကောင်းမြတ် တို့ ၂ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
◾ ဩဂုတ်လ ၂၂ ရက်တွင် ဖြိုးကိုကို၊ ကောင်းမြတ်နှင့် ကိုကိုအောင်တို့ ၃ ဦး သည် တွံတေးမြို့နယ်၊ မြကန်သာကျေးရွာလမ်းဆုံ၌ ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ညွန့်အပါအဝင် ၆ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ် နှင့် ကောင်းထက်စံ တို့ ၃ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
◾ အောက်တိုဘာလ ၈ ရက်တွင် ဖြိုးကိုကိုနှင့် ကောင်းမြတ်တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ မယ်ပြေကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးထွန်းထွန်းနှင့် ဇနီးဖြစ်သူတို့အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
◾ နိုဝင်ဘာလ ၅ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၃ ဦး သည် တွံတေးမြို့နယ်၊ သမ္ဗာန်ဆိပ်ကျေးရွာတွင် အပြစ်မဲ့ပြည်သူ ဦးသိန်းဇော် အပါ ၅ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာ တွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံ တို့ ၃ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
◾ နိုဝင်ဘာလ ၆ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင်တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ လာကပုံကျေးရွာတွင် အပြစ်မဲ့ပြည်သူ ဦးတိုးမင်းထိုက်နှင့် ဇနီး ဖြစ်သူတို့အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းမြတ်မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ၂၀၂၃ ခုနှစ်အတွင်း ထို တွံတေးမြို့ပြပြောက်ကျားများက သတ်ဖြတ်ခဲ့သည်များမှာ
◾ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ ကပင်ကြီးကျေးရွာရှိ အပြစ်မဲ့ ပြည်သူ မစန်းပပအောင်၏နေအိမ်အား ဓားပြတိုက်လုယက်၍ သတ်ဖြတ်မှု
ကျူးလွန်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
◾ မတ်လ ၄ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ရာအိမ်မှူး ဦးသန်းလွင်တို့ ၂ ဦးအား ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းထက်စံမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
◾ ဧပြီလ ၁၀ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ် တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ မယ်ပြေကျေးရွာရှိ ဦးထွန်းထွန်းဦး၏ နေအိမ်အား သေနတ်ပြ ခြိမ်းခြောက်၍ ဓားပြတိုက်လုယက်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
◾ ဇွန်လ ၁၈ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ် တို့ ၃ ဦးသည် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်းရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်လုယက်ရာ တွင် ကောင်းထက်စံ၊ ကျော်ဇင်လတ်နှင့် ကျော်ဇင်ဝေတို့ ၃ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
ဝန်ခံခဲ့သည်ဟုသိရပြီး လက်ရှိတွင် ထိုတရားခံများအား ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးနေသည်ဟု သိရသည်။