MT News
Translated by Htwe Ko Tun
အသက် ၈၀ ကျော်အရွယ် ဇရာထောင်းနေပြီဖြစ်တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဇွန်လ ၁၆ ရက် ညပိုင်းမှာ မိန့်ခွန်းတစ်ခုကိုပြောလို့ အဆုံးသတ်ခဲ့ရာမှာတော့ သူ့ရဲ့အပြောအဆိုမှားယွင်းမှုလို့ဆိုနိုင်တဲ့ “ဘုရားသခင်၊ ဘုရင်မကြီးကိုကယ်တော်မူပါ” (God save the Queen) လို့ ပြောခဲ့ခြင်းဖြင့် နားထောင်နေတဲ့ပရိသတ်လည်း စဉ်းစားရကျပ်၊ ခေါင်းခြောက်စေအောင် ပြုလုပ်ခဲ့ပြန်တယ်လို့ သတင်းများက ဖော်ပြခဲ့ကြပါတယ်။
စက်ဘီးပေါ်က ချော်လဲ၊ လေယာဥ်ပေါ်အတက်မှာ ချော်လဲ၊ မိန့်ခွန်းပြောရင်း ချော်လဲ၊ စကားတွေပြောရင်လည်း မေ့လျော့တတ်မှုတွေနဲ့ ရယ်ပွဲဖွဲ့စေခဲ့သလို အခုလည်း အမေရိကန်ပြည်ထောင်စုလွတ်လပ်ရေးကို စကြေညာခဲ့တဲ့ ၁၇၇၆ ခုနှစ်ကစလို့ အမေရိကန်မြေပေါ်မှာ တစ်ခါမှလည်း မကြားခဲ့ဘူးတဲ့ ဒီစကားကိုတော့ ဂျိုးဘိုင်ဒန်က ကွန်နက်တီကပ်ပြည်နယ်မှာ မိန့် ခွန်းပြောအပြီးထည့်သွင်းပြောသွားခဲ့တာပါ။
National Safer Communities Summit ကျင်းပရာ West Hartford မှာ မိန့်ခွန်းပြောခဲ့ရာမှာ ဘိုင်ဒန်ကနယ်မြေအတွင်း ရာသီဥတုအခြေအနေလည်း မကောင်း လို့ တက်ရောက်လာသူတွေကိုတော့ လိုက်လံနှုတ်ဆက်ခြင်း မပြုနိုင်တော့ဘူးလို့ဆိုပါတယ်။ ဒီလိုနှုတ်ဆက်မှုကတော့ ပြည်သူ့ဆက်ဆံရေးနည်းပညာအရဆိုရင် အပြန်အလှန်အသိအမှတ်ပြု တုံ့ပြန်ခြင်းလို့လည်းဆိုရမှာပါ။ ဒီအတွက် မိန့်ခွန်းအဆုံးသတ်နှုတ်ဆက်ရာမှာတော့ သမ္မတ ဘိုင်ဒန်က ပရိသတ်တွေအဖို့ ဘာကိုဆိုလိုမှန်းမသိ ခေါင်းခြောက်စေခဲ့တဲ့ “ဘုရားသခင်၊ ဘုရင်မကြီးကို ကယ်တော်မူပါ” လို့ ပြောရင်း အဆုံးသတ်သွားပါတယ်။
ဒီမှာ ဘိုင်ဒန်ပြောတဲ့ အမေရိကန်မြေပေါ်မှာ တစ်ခါမှမကြားဘူးတဲ့စကားစုလေးက ဘုရင်မကြီးဆိုတာ ဘယ်သူ့ကိုဆိုလိုပါလိမ့်။ ဗြိတိသျှတော်ဝင်မိသားစုထဲက အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မ ကာမီလာ(Queen Cammila) ကိုဆိုလိုတာလား၊ ကွယ်လွန်သွားတဲ့ ဗြိတိသျှဘုရင်မကြီး အယ်လိဇဘက် II ကို ရည်ညွှန်းသလား၊ King George III ရဲ့ ဇနီးလည်းဖြစ်ခဲ့တဲ့ Queen Charlotte ကိုပဲပြောသလား မရှင်းမလင်း ဖြစ်ခဲ့ကြရပါတယ်။
ဂျိုးဘိုင်ဒန်ကို လှောင်ပြောင်အပုတ်ချလိုသူတွေအတွက်တော့ ဒီစကားစုက တွစ်တာပေါ်မှာ အမြန်ဆုံး ရောက်ရှိပြီး လူရယ်စရာလိုလို ဖြစ်စေခဲ့ပါတော့တယ်။ အိမ်ဖြူတော်ပြန်ကြားရေးဌာနကတော့ သမ္မတ အနေနဲ့ ပရိသတ်ထဲက တစ်ဦးဦးအတွက်သာ ရည်ညွှန်းပြောဆိုတဲ့သဘောမျိုးလို့ ဆိုခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်သမ္မတကြီးအနေနဲ့တော့ အသက် ၈၀ ကျော် ဒီအရွယ်ထိ သမ္မတဒုတိယသက်တမ်းပြိုင်အုံးမယ်ပြောထားလို့ ဝေဖန်သူတွေများနေ၊ စောင့်ကြည့်ခံနေရချိန်မှာ မိန့်ခွန်းပြောရာမှာတောင် ဟိုလိုလို ဒီလိုလိုပြောပြီး အခုလို ပရိသတ်ခေါင်းခြောက်အောင် နိဂုံးချုပ်တတ်ပါပေတယ်လို့ ဝေဖန်ရအုံးမှာပါပဲ။
Ref-AP