၂၀. ၆. ၂၀၂၃
Written by Nyein Kyaw
၂၀၂၃-၂၀၂၄ ခုနှစ်တွင် အဓိကစိုက်ပျိုးသီးနှံဧက ၃၄ သန်းနီးပါးအတွက် သွင်းအားစု စုစုပေါင်းတန်ချိန် ၄၉၂,၀၀၀ ကျော်လိုအပ်မည်ဖြစ်၍ စံချိန်စံညွှန်းပြည့်ဝသော ဓာတ်မြေဩဇာနှင့်သွင်းအားစုများအား ဈေးနှုန်းသက်သာစွာ အချိန်မီဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
၂၀၂၃-၂၀၂၄ ခုနှစ်တွင် အဓိကစိုက်ပျိုးသောသီးနှံ ၁၀ မျိုးအတွက် စိုက်ဧက ၃၃ ဒသမ ၇၈ သန်းရှိရာ လိုအပ်သည့် သွင်းအားစု စုစုပေါင်းတန်ချိန် ၄၁၃,၀၀၀ တန် သုံးစွဲရန်လိုအပ်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါး စီမံကိန်းအတွက် တိုင်းဒေသကြီးလေးခုရှိ လျာထားဧက ၅၃၀,၀၀၀ ရှိကာ မြေဩဇာလိုအပ်ချက် စုစုပေါင်းတန်ချိန် ၇၉,၅၀၀ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
“တောင်သူများရဲ့ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေတဲ့ ဓာတ်မြေဩဇာနဲ့ သွင်းအားစုများအား ဈေးနှုန်းသက်သာစွာ အချိန်မီဝယ်ယူအသုံးပြုရရှိနိုင်ရေး မိမိတို့ဦးဆောင်ကော်မတီမှ စိစစ်ထောက်ခံဆောင်ရွက်ပေးနေတယ်” ဟု ဦးလှမိုးက ပြောကြားသည်။
မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းပြီး ရည်ညွှန်းဈေးနှုန်းကို နှစ်ပတ်လျှင်တစ်ကြိမ် ပုံမှန်ထုတ်ပြန်ပေးလျက်ရှိရာ ယခု ဇွန်လ ၁၆ ရက်မှ ၃၀ ရက်အတွင်း ယူရီးယား ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၇၅,၀၀၀၊ ကွန်ပေါင်း ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၁၅,၀၀၀ နှုန်းဖြင့် ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
“စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ဓာတ်မြေဩဇာကတော့ တတ်နိုင်တဲ့သူတွေကတော့ ကြိုဝယ်တာရှိတယ်။ တချို့ကတော့ သုံးရမယ့်အချိန်ကျမှ ဝယ်တာရှိတယ်။ ဒီမှာကတော့ အခုဈေးပေါ့။ ကျန်တာတော့ မသိဘူး။ ယူရီးယားတစ်အိတ်ကို ရှစ်သောင်း၊ ရှစ်သောင်းကျော် ဝယ်ရတယ်” ဟု ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းက လယ်သမားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်များတွင် ကိုဗစ်ကပ်ရောဂါနှင့် ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ဈေးနှုန်းမြင့်တက်မှုများရှိခဲ့ပြီး တချို့သော ဓာတ်မြေဩဇာအမျိုးအစားများသည် တစ်အိတ်ကို ကျပ် ၁၅၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။